NLD ရပ်တည်ခွင့် ကုလသမဂ္ဂသို့ တင်ပြမည်

NLD ရပ်တည်ခွင့် ကုလသမဂ္ဂသို့ တင်ပြမည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ ပါတီပျက်ပြယ်ပြီး ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် အစိုးရက သတိပေးထားသော အတိုက်အခံ ပါတီကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၎င်းတို့ ရပ်တည်ခွင့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မကြာခင် တင်ပြသွားမည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်၊ စည်းရုံးခွင့်ကို  ပြဋ္ဌာန်းထားသော်လည်း လက်ရှိအစိုးရက NLD ရပ်တည်ခွင့် အတွက် ဥပဒေကြောင်းအရ ဖိနှိပ်ချုပ်ချယ်နေသဖြင့် ကုလ လူ့အခွင့်အရေး ကောင်စီသို့ လာမည့် ရက်သတ္တပတ် ၂ ပတ်အတွင်း တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး လုပ်ထုံး လုပ်နည်းတွေမှာ ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို နိုင်ငံတခုရဲ့ အတွင်းမှာ ဖြေရှင်းလို့ လမ်းဆုံးသွားတယ်၊ မရနိုင်တော့ဘူးဆိုရင် အဲဒီလိုတင်နိုင်တယ်လို့ ပါပါတယ်။ အဲဒါကြောင့်ပါ” ဟု NLD ပြောခွင့်ရ ရှေ့နေကြီးဦးဉာဏ်ဝင်းက မဇ္စျိမကို ရှင်းပြသည်။

ပါတီမှတ်ပုံခြင်း မပြုတော့သဖြင့် NLD သည် ပါတီတရားဝင်မှု ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။ ထို့ကြောင့် NLD က ပါတီရပ်တည်ခွင့် အတွက်ဥပဒေကြောင်း လမ်းအရ တရားရုံးတော်သို့ ဦးတိုက် လျှောက်ထားခဲ့ပြီးနောက် နောက်ဆုံးအဆင့် အယူခံကို  နေပြည်တော် တရားရုံးချုပ်သို့ တင်သွင်းခဲ့သော်လည်း ပလပ်ခံခဲ့ရသည်။

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ၏ ရပိုင်ခွင့်၊ စစ်အစိုးရ ကတိပေးထားသည့် လွှတ်တော်
 ခေါ်ယူရေး အကောင်အထည် မဖော်ခြင်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုဟု ပါတီဘက်က တင်ပြခဲ့သည်။

ဦးသိန်းစိန်အစိုးရ ရက်ပေါင်း ၁ဝဝ မပြည့်မီမှာပင် ပြည်ထဲရေးဝန်ကြီးဌာနက NLD ပျက်ပြယ်ကြောင်းနှင့် နိုင်ငံရေး လှုပ်ရှားမှု မလုပ်ရန် သတိပေးစာကြောင့် ပါတီကို အင်အားသုံး ဖြိုခွင်းတော့မှာလားဟူသော စိုးရိမ်မကင်း ဖြစ်လာခဲ့ကြသည်။

လက်ရှိ အခြေခံဥပဒေအရ ဥပဒေပြုပိုင်ခွင့်ရှိသော လွှတ်တော်မှသာလျှင် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် ဥပဒေ ပြဋ္ဌာန်းနိုင်၍  “အဖွဲ့ချုပ်သည် ပျက်ပြယ်ခြင်း မရှိပါ” ဟု ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးသည့် ပြန်စာကို ပို့လိုက်ပြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် ဆွေးနွေးလိုပါသည်ဟုလည်း တောင်းဆိုခဲ့သည်။

မြန်မာနို်င်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အားမရသူ၊ သဘောထား
 ပြင်းထန်သူအချို့က လူ့အခွင့်အရေးကောင်စီသို့ တင်ပြမည့် NLD ၏ လုပ်ရပ်ကို ဝေဖန်သံထွက်လာသော်လည်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ကတော့ ထောက်ခံသည်။

“လက်ခံတယ်ဆိုရင် NLD ကို ပြည်တွင်း ဥပဒေတွေအရ မှတ်ပုံတင်ခွင့် မရအောင် လုပ်ခြင်းဟာ အပြည်ပြည် ဆိုင်ရာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချပေးနိုင်ပါတယ်။ အဲဒီလို သတ်မှတ်လိုက်ရင် မြန်မာနိုင်ငံက လွှတ်တော်ကလည်းပဲ မျက်စိမှိတ်ပြီး ငြင်းလို့မရဘူးဆိုတဲ့ အနေအထားမျိုးကို ရောက်လာမှာ” ဟု BLC ဥက္ကဋ္ဌ ဦးသိန်းဦးက မဇ္စျိမကို ပြောသည်။

“NLD က လက်နက်ကိုင် အကြမ်းဖက်မှုလည်း မလုပ်ကိုင်ဘူး။ ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကား စေရေး အတွက် လုပ်တယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တိုးတက်ဖွံ့ဖြိုးအောင် လုပ်နေတဲ့ အဖွဲ့ အစည်းမျိုးဟာ ရှိသင့်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒါကို ကုလသမဂ္ဂကလည်း ဒီကိစ္စအပေါ်မှာ လက်ခံရမယ့် အနေအထား ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

NLD ကဲ့သို့ပင် တင်ပြခဲ့သော တောင်အာဖရိကနှင့် အာဖရိကနိုင်ငံများသို့ လူ့အခွင့်အရေး ကောင်စီကဝင်ရောက် ဖြေရှင်းပေးခဲ့ဖူးကြောင်း ဦးဉာဏ်ဝင်းကလည်း ပြောသည်။

ဝေဖန်သူများက ကုလသမဂ္ဂထံ မြန်မာစစ်အစိုးရများ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များ တင်ပြလာခဲ့သည်မှာ နှစ် ၂ဝ ခန့် ရှိပြီဖြစ်သော်လည်း တိုးတက်မှု မရှိခြင်းကို ထောက်ပြကြသည်။

Most read this week