SSA/SSPP က အစိုးရတပ်စခန်းတခုကို သိမ်းပိုက်

SSA/SSPP က အစိုးရတပ်စခန်းတခုကို သိမ်းပိုက်
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPတပ်ဖွဲ့ကအစိုးရ တပ်စခန်း အား တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု SSA-N ဖက်က ပြောဆိုကြောင်း သတင်းရရှိသည်။

SSA-N ၀မ့်ဟိုင်းဌာနချုပ် အခြေစိုက်စခန်း၏ အနောက်မြောက်ဖက်ရှိ နမ့်ပုတ် တပ်စခန်းအား မြောက်ပိုင်း SSA တပ်ဖွဲ့များက ယမန်နေ့ညနေက ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု မြောက်ပိုင်း တပ်ဖွဲ့များနှင့် နီးစပ်သူ တောင်ပိုင်း SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“မြောက်ပိုင်း SSA တပ်တွေနဲ့ အစိုးရရဲ့ ခလရ (၂၈၆)၊ (၂၈၇)တို့ မနေ့တနေ့ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မနေ့က ညနေတော့ အဲဒီနမ့်ပုတ်စခန်းကို SSA ဖက်က သိမ်းပိုက်လိုက်တယ်လို့ ပြောတယ်။ အဲလို သိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အစိုးရတပ်တွေက အဲဒီဒေသထဲမှာပဲ နေရာရွေ့သွားတာပေ့ါ။ ဒီကနေ့လည်း စစ်အစိုးရတပ်တွေကို လွယ်ဆိုင်းတောင်ကုန်း တဝိုက်မှာ ၀ုိင်းထားတယ်လို့ပြောတယ်။”

ယင်းသို့ အဝိုင်းခံထားရမှုကြောင့် အစိုးရ တိုက်လေယာဉ်နှစ်စင်းဖြင့် အမြင့်ပိုင်းမှ ပျံသန်းကြည့်ရှု့ ခဲ့သည်ဟု သိရပြီး ရုရှားလုပ် Mig 29 အမျိုးအစား ဖြစ်နိုင်သည်ဟု မြောက်ပိုင်း SSA-N အဖွဲ့ကခန့်မှန်းပြောဆိုကြောင်း ၎င်းက ဆက်ပြောသည်။

သိမ်းပိုက်ခံရသည့် နမ့်ပုတ် တပ်စခန်းမှာ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၈၆)နှင့် (၂၈၇)တပ်ရင်းနှစ် ရင်းက နှစ်ဖက် တိုက်ပွဲများ  ဖြစ်ပွားနေစဉ် လာရောက် နေရာယူထားခြင်း ဖြစ်၍ အင်အား (၂၀၀)ကျော်ရှိ သည်ဟု သိရပြီး SSA ဖက်မှ တပ်ရင်း လေးရင်းခန့်က ၀ုိင်းရံထားခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကမူ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အစိုးရဖက်က ထိခိုက်ကျဆုံးမှု များသည်ဟု သိရကြောင်း ယခုလိုပြောသည်။

“အဲဒီတပ်ကို မီးရှို့လိုက်ပြီတဲ့ မနေ့က ညနေပိုင်းအထိ သူတို့ရဲ့ လူသေအလောင်းတွေ ဒဏ်ရာရတဲ့ သူတွေကိုတောင်မှ မဆွဲထုတ်နိုင်သေးဘူးတဲ့။ SSA ဖက်ကလည်း နယ်မြေရှင်းလင်းရေးတွေ ကောင်းကောင်း မလုပ်နိုင်သေးဘူးတဲ့။”

ယင်းသို့ တိုက်ပွဲဖြစ်ချိန် ယမန်နေ့ည ၉ နာရီအချိန်ခန့်ကလည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တောင်ဖက် ရှိ မြို့အဝင် မုဒ်ဦးနေရာ အနီးတွင် ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး “အဲဒီမှာသုံးယောက် ဒဏ်ရာရတယ်။ တယောက်က ဒဏ်ရာ ပြင်းထန်ပြီးတော့ ဆေးရုံမှာသွားသေတယ်တဲ့။” ဟု ဆက်လက် ပြောဆိုသည်။

ယင်းပေါက်ကွဲမှု မှန်ကန်ကြောင်း ကျောက်မဲမြို့ ရဲစခန်းမှ အတည်ပြုပြောဆိုသော်လည်း ဖြစ်စဉ် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။ အလားတူ ထိခိုက်ဒဏ်ရာရသူ စာရင်းနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ပြောဆိုခွင့် မရှိကြောင်း ကျောက်မဲ မြို့နယ် ဆေးရုံကြီးမှ တာဝန်ရှိဆေးဝန်ထမ်း တဦးက ငြင်းဆိုခဲ့သည်။

အစိုးရတပ်ဖွဲ့မှ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N တပ်ဖွဲ့များအား လွန်ခဲ့သည့် မတ်လ(၁၃) ရက်နေ့က စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယနေ့ လေးလ တင်းတင်း ပြည့်သည့်နေ့ဖြစ်သည်။

Most read this week