ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းရှင်များ နစ်နာကြေးတောင်း

ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းရှင်များ နစ်နာကြေးတောင်း
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ လေလံတင်ရောင်းချ ခဲ့သည့် စီးပွားကူးသန်း ဝန်ကြီးဌာနပိုင် ပြည်မြန်မာ ကုန်တိုက် အဆောက်အဦးတွင် ဖွင့်လှစ်ရောင်းချ နေသော ဆိုင်ခန်း ၉၈ ခုမှ ဆိုင်ရှင်များကနစ်နာ ကြေး သို့မဟုတ် နေရာ အစားထိုးပေးရန်တောင်း ဆိုထားမှုမှာ တလကျော်ကြာမြင့် သော်လည်း တုံ့ပြန်ချက်မရဘဲ ဖြစ်နေသည်။

အထပ် ရ ထပ်ရှိ အဆောက်အဦးကို စီးပွားကူးသန်းက Myanmar Marketing Research and Development Co; Ltd နှင့် AA Medical Product Co.Ltd တို့သို့ ကျပ် ၄၁ ဘီလီယံဖြင့် မတ်လ ၂၄ ရက်နေ့က လေလံ ရောင်းချ ခဲ့ပြီးနောက် ဆိုင်ခန်းများ ပိတ်ပစ်စေမှု ဖြစ်ပေါ်လာခဲ့သည်။

ဆိုင်ခန်းများ ပိတ်ပင်ခဲ့ရမှုကြောင့် အလုပ်သမားပေါင်း ၃၀၀ ခန့် အလုပ်ပြုတ်သွားပြီး ဆိုင်ခန်းပိုင်ရှင်များငှားရမ်းစဉ် ကာလက ဆိုင်ခန်းများ ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှုအတွက် ရင်းနှီးမြှုပ်နှံခဲ့ရခြင်းများ ဆုံးရှုံးမှု ရှိခဲ့သည်ဟု ထောက်ပြကြသည်။

“ တခြားနေရာတွေဆိုရင် ကျနော်တို့ ဖယ်ပေးလိုက်တာကြာပြီ။ ဒီအဆောက်အဦးတွေက ကျနော်တို့ ပိုက်ဆံနဲ့ ပြုပြင် ထိန်းသိမ်းထားတာ ကျနော်တို့က ၁၇ နှစ်ကျော် လုပ်လာတဲ့အတွက် လျော်ကြေးပဲ ဖြစ်ဖြစ်နေရာအစား ထိုးပဲ ဖြစ်ဖြစ် ကျနော်တို့ တောင်းထားတာ အဲဒါဘာမှမရသေးဘူး" ဟု ဆိုင်ရှင်တဦးဖြစ်သူ ဦးစိုးမြင့်အောင်က ပြောသည်။

စီးပွားကူးသန်းဝန်ကြီး၏ ညွှန်ကြားချက်ကြောင့် အကြီးစား ပြင်ဆင်မှုများ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် လုပ်ခဲ့ကြရခြင်းကြောင့် ဆိုင်ခန်း ၉၈ ခန်းအတွက် ကုန်ကျခဲ့သည့် ကျပ်သိန်း ၉၈၀ အလျော်ပေးစေလိုသည်ဟု ဆိုင်ခန်းရှင်များက ပြောသည်။

“ ဆိုင်ခန်းကို ၁၇ နှစ်ကျော် ကျနော်တို့ ငှားလာတယ် ဒါပေမယ့် အခုလို နှစ်ပတ်နဲ့ ရွှေ့ပေးရမယ်ဆိုတော့ ကျနော်တို့မှာ အခက်အခဲ ရှိတယ်" ဟု ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်ထားသူ ဦးတင်မောင်ထွေးက ဆိုသည်။

ဦးတင်မောင်ထွေး၏ ဆိုင်ခန်းမှ ပစ္စည်းများ ရွှေ့ပြောင်းပြီး ဖြစ်သော်လည်း အခန်းကို ပြန်လည်မလွှဲပြောင်း သေးဘဲ ထားသည်။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာ ကုန်တိုက်တွင် စာစီစာရိုက်လုပ်ငန်း၊ ဓာတ်ပုံလုပ်ငန်း၊အလှကုန် ပစ္စည်း လုပ်ငန်း၊ အဝတ်အထည် လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခဲ့ပြီး ယခုအခါ ဆိုင်ခန်းငှားသူများမှဆိုင်ခန်း ပေါင်း ၆၀ ကျော်ကို ပိတ်ပစ်ပြီး ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာမှ လေလံတင် ရောင်းချခဲ့သည့် ယင်းအဆောက်အဦးကို MMRD Co.Ltd ကုမ္ပဏီပိုင်ရှင် ဦးမိုးကျော်နှင့် AA Medical Product Co.Ltd ကုမ္ပဏီပိုင်ရှင် ဦးဇော်မိုးခိုင်တို့မှ ကျပ်သိန်းပေါင်း လေးသောင်းတထောင်ဖြင့် လေလံအောင်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်းငှားသူများမှ ဆိုင်ခန်း ပြောင်းရွှေ့ရန် လောက်ငှသည့် အချိန်မရခြင်း၊ ဆိုင်ခန်းအသစ်များ ရှာရန် ခက်ခဲခြင်း စသည့် အခက်အခဲများ ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတရုံး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများသို့ ၈ ကြိမ် အသနားခံစာ ပေးခဲ့သည်ဟုလည်း ဆိုင်ခန်းကိုယ်စားလှယ် ယာယီကော်မတီဝင်များက ပြောသည်။

ပြည်မြန်မာ ကုန်တိုက်ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ် ၃၅ စောင်ခန့် လာရောက် မေးမြန်း စုံစမ်းမှုများ ရှိသော်လည်း သတင်းဖေါ်ပြပါရှိသည်ကို မတွေ့ရ၍ ပြည်ပမီဒီယာများတွင် သတင်းဖော်ပြရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ခန်းငှားသူများက မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မြန်မာသမာဓိ ဂျာနယ်တွင် လွန်ခဲ့သည့် အပတ်က ဖေါ်ပြခဲ့သော်လည်း ထိုဂျာနယ်နှင့် သတင်းထောက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတိပေးတားမြစ်မှု ပြုလုပ်ခဲ့သည်ဟု ပြည်တွင်းသတင်းထောက်အချို့ ဖွဲ့စည်းထားသော မြစ်မခ မီဒီယာ၏ Face Book တွင် ပါရှိသည်။

စီးပွားကူးသန်းဝန်ကြီးဌာန ရန်ပုံငွေအတွက် ဆိုင်ခန်းဖွင့်လှစ်နိုင်အောင် ခွင့်ပြုပြီး ငှားရမ်းခဲ့ခြင်းကိုအစောပိုင်း က စာချုပ်ဖြင့် ချုပ်ဆိုခဲ့သော်လည်း ၂ဝဝ၇ ခုနှစ် နောက်ပိုင်းတွင် စာချုပ်မချုပ်ဘဲ “နားလည်မှု” ဖြင့်သာ ဆက်လက် ငှားရမ်းခဲ့သည်။

၁၉၉၆ ခုနှစ်မှစ၍ ဆိုင်ခန်းငှားရမ်းမှု စတင်ခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် လစဉ်ဝင်ငွေ ကျပ်သိန်း ၅၀ အထက် ရရှိခဲ့သည်ဟု ဆိုင်ခန်းရှင်များ၏ ယာယီကော်မတီက မဇ္ဈိမသို့ ပေးပိုသောစာတွင် ပါရှိသည်။

“ ၁၆ နှစ်ကြာ စီးပွားရေး ရပ်တည်စေခဲ့သော နေရာမှ ၁၄ ရက်သာ အချိန်ပေးပြီး မောင်းထုတ်ခဲ့သည်မှာ လွန်စွာ အရုပ်ဆိုးလှပါသည်” ဟုလည်း စာတွင် ပါရှိသည်။