မြန်မာနိုင်ငံ အစိုးရသစ်တက်လာသော်လည်း သျှမ်းပြည်တောင်ပိုင်းမှ သံလွင်အရှေ့ခြမ်းသို့ သွားလာလမ်း တလျှောက် ဂိတ် ပိုမိုများပြား လာသည့် အပြင် ဂိတ်စောင့် တာဝန်ကျများလည်း အသုံးငွေ မလုံလောက်၊ တပ်ရံပုံငွေအတွက်စသည် ဖြင့် ပြောဆိုကာ ကားသမားများထံမှ ပိုက်ဆံ ကောက်ယူနေကြောင်း လွယ်လင်ကျိုင်းတုံကား သမားများ ပြောဆိုသည်။
“ လွယ်လင်ကနေ သွားရင် နမ့်ဇန်၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ၊ တာ့ကော့၊ မိုင်းပြင်း၊ တုံတာ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မယန်း၊ တာ ချီလိတ်အထိဂိတ်တွေက မြို့အဝင်အထွက်တိုင်းမှာရှိတယ်။ အများဆုံးက ခိုလမ်ကနေကာလိကြား ပေါ့။ ဂိတ်ပေါင်းက ၁၀ နေရာလောက်ရှိမယ်။ ဘီးခွန်၊ ရဲ၊ စစ်တပ်ဆိုပြီးတဂိတ်စီ ရှိတဲ့အပြင် နမ့်ပန်တံတား အဖြတ်မှာဘဲ စုပေါင်းဂိတ်တဲ့ အဝင် အထွက်မှာရှိပြန်ရော။ ကာလိမှာလဲခုနောက် ပိုင်း ဂိတ်တွေများလာတယ်၊ ဂိတ်ကြေးနဲ့တင် ကျနော်တို့ ဘာမှမ ကျန်တော့ဘူး” ဟု လွယ်လင်မှဗင်ကား ဆရာတဦးကသျှမ်းသံတော်ဆင့်အား ပြောသည်။
အဆိုပါ ဂိတ်များ တိုးများလာသည်မှာ မေလဆန်းကတည်းကဖြစ်ကြောင်း တဂိတ်လျင် ယာဉ်တစီး အနည်းဆုံး ကျပ် ၅ ထောင်မှ အများဆုံး ကျပ် ၅ သိန်းအထိ ပေးဆောင်ခဲ့ရကြောင်း၊ ဂိတ်အရေအတွက် များပြားသဖြင့် ရငွေနှင့် ကိုက်အောင် ကုန်အလေးချိန်ပိုတင်ရကြောင်း၊ ထို့အတွက် ကားပျက်ခြင်း၊ လမ်းပျက်စီးခြင်းတို့ကြုံတွေ့ ရကြောင်း ကုန်ကားပိုင်ရှင်တဦး ကလည်း ၎င်း၏အခက်အခဲကိုပြောပြသည်။
“ ဗင်ကားတစီးဆိုရင် လူတင်များရင်များသလိုကောက်တယ်။တဂိတ်တဂိတ်မှာကျပ်ငါးထောင်ကနေ တသောင်း ငါးထောင် အထိ ကောက်တယ်။ ဆိုတော့ဗင်တစီးမှာလဲ လူ ၁၀ ယောက် အနည်းဆုံးတင်ရတော့ တာပေါ့။ ရှေ့ခန်း ၄ ယောက် နောက် ခန်း ၄ ယောက် အဖုံးခန်းမှာ ၂ ယောက်။ ပစ္စည်းတွေတော့ကားပေါင်း မိုးပေါ် တင်တာ ပေါ့။ ကားတက်တာနဲ့ တယောက် ၄ သောင်း ချက်ချင်းကောက်တာဘဲ။ကား ဆရာလဲ ပင်ပန်း တယ်။ စီးတဲ့လူလဲ တချို့ ငိုတောင် ငိုတယ်။ အဲလောက် မတင် ရင်လဲ မတတ်နိုင်ဘူးလေ။ ကိုယ့်အတွက်မှ မကျန်တာ” ဟုလည်း လွယ်လင်မြို့မှ ခရီးသည်တင် ဗင်ကားပိုင်ရှင် တဦးက လည်း ပြောသည်။
ဗင်ကားနှင့် မီနီဘတ်စ်(ပေါင်မုန့်ကား) တစ်စီး တဂိတ်လျင် ကျပ် ၅၀၀၀ နှင့် ၁၅၀၀၀ ကြား၊ ဘတ်စ် ကားအကြီး ကျပ် ၁၅၀၀၀ နှင့် ကုန်တင် ၁၀ ဘီးကားကြီးများ တစီးလျင်ကျပ် ၅ သိန်းအထိပေးဆောင်ရ ကြောင်း အဆိုပါ ကုန်ကားပိုင်ရှင်က ဆက်လက်ပြောပြသည်။
ပင်လုံ၊ လွယ်လင်အတွင်းရှိ ကားဆရာများအား ဒုက္ခအပေးဆုံးမှာ ပင်လုံမြောက်ဖက် လဲချားအတက်လမ်း နောင်လိုင်အနီး ၁၀ မိုင် ကုန်းဂိတ်ဖြစ်ပြီး ဆိုင်ကယ်၊ ကား အတက်အဆင်း ဂိတ်ဖြတ်သန်းတိုင်း ပေးရသည်ဟု ပင်လုံမှ ကားဆရာတဦး ကလည်းပြောသည်။
“ မေလကစပြီးကောက်တာ။ အတက်ရောအဆင်းရောကောက်တယ်။ ဆိုင်ကယ်တစီး ကျပ် ၅၀၀၊ ထော်လာဂျီ တစီး ကျပ် ၂၀၀၀၊ ကားတစီး ကျပ် ၅၀၀၀။ မပေးလို့မရဘူး။ ဂိတ်စောင့်တွေက တဲ့တိုးပြောတာ။ သူတို့လစာ အသုံးမလောက်လို့ ကောက်ရတာပါ- တဲ့။ တခါတလေလဲ တပ်ရံပုံငွေအတွက် လို့ပြောတယ်။ အခြေအနေ မဟန်ရင်တော့ ‘ ခင်ဗျားတို့ခရီး သွားတွေ လုံခြုံရေးအတွက်ကျနော်တို့ကူညီစောင့်ရှောက်ပေး တာ’ လို့ အော်တယ်” ဟုလည်း ၎င်းကဆက်ပြောပြသည်။
ထိုကဲ့သို့ ဂိတ်များ များပြားလာသည့်အပေါ် ကားဆရာများကြား ‘ အစိုးရသစ်တက်လာတာတောင်မှ စစ်သားတွေ လစာက မလောက်သေးဘူး။ အစိုးရက ဒေါင့်စေ့အောင် မမြင်နိုင်သေးဘူး။မလုပ်ပေးနိုင်သေး ဘူးဘဲ။ အရင်က စစ်အုပ်ချုပ်ရေး အတိုင်းဘဲ။ ဘာမှ မထူးခြားသေးဘူး’ ဟု ပြောဆိုနေကြသည်။
ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မဲဆွယ် စည်းရုံးရေး ဆင်း စဉ်ဂိတ်များလျှော့ချရုပ်သိမ်းနိုင်ရန် ဂိတ်ကြေးများ လျှော့ကောက်ရန် ကြိုးပမ်းပေးမည်ဟု ကတိပေးခဲ့ဖူးကြောင်း ကျိုင်းတုံ ကားဆရာတစ်ဦးကလည်း ပြောပါသည်။