ချင်းမိုင် (မဇ္စျိမ) ။ ။ ဒီမိုကရေစီ လိုလားသော မြန်မာအတိုက်အခံများက ၎င်းတို့အပေါ် ထားရှိမည့် ထိုင်းနိုင်ငံ အစိုးရသစ်၏ မူဝါဒကို စိတ်မအေး နိုင်ကြသလို၊ ၎င်းတို့၏ မိတ်ဆွေများကလည်း စိုးရိမ်မှု ရှိကြောင်း ထုတ်ဖော် ပြောဆိုကြသည်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ၏ ဒီမိုကရက်တစ် ပါတီကို ၁၀၆ နေရာ အသာဖြင့် အနိုင်ရခဲ့သည့် ဖု့ရ်ထိုင်းပါတီက အခြားအနိုင်ရပါတီ ၄ ခုနှင့် ပူးပေါင်းလိုက်ပြီးလွှတ်တော် တွင်းနေရာ ၅ဝဝ အနက် ၂၉၉ နေရာကို ထိန်းချုပ်ထားမည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသွားမှာ ဖြစ်သည်။
“သက်ဆင်ရဲ့ အတွေးအမြင်ကို ဖု့ရ်ထိုင်းက အကောင်အထည် ဖော်မယ်” ဆိုသည့် ကြွေးကြော်သံဖြင့် အနိုင်ရခဲ့သော ပြည်ပရောက် ဖြုတ်ချခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်းလတ်ခ် ရှင်နာဝပ်ထရာ၏ ပါတီသည် သက်ဆင်အစိုးရ ဖြစ်စဉ်က မူဝါဒအတိုင်း တသွေမတိမ်း လိုက်နာပါက ထိုင်းအခြေစိုက် မြန်မာအတိုက်အခံများ အပေါ် တင်းကျပ်လာနိုင်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
“သက်ဆင်တုန်းကတော့ နယ်စပ်ဒေသတွေမှာ စီးပွားရေးဇုန်တွေ လုပ်မယ်ဆိုတဲ့ အခါကျတော့လှုပ်ရှား မှုတွေကို ထိန်းချုပ်တာတို့၊ အသွားအလာတွေကို ထိန်းချုပ်တာတို့၊ ကျနော်တို့ တွေ့ဆုံမှုတွေ၊စည်းဝေးမှု တွေကို ထိန်းချုပ်တာတွေ လုပ်ခဲ့ဖူးတယ်” ဟု သူက ပြောသည်။ ဒီမိုကရက်တစ်ပါတီသည်မြန်မာအတိုက် အခံများနှင့် ပိုမိုရင်းနှီးပြီး လူ့အခွင့်အရေး၊ ဒုက္ခသည် အခွင့်အရေးများ အတွက် အားကိုးရသည်ဟု ဆိုသည်။
မစ္စတာသက်ဆင် လက်ထက်မှစ၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စများကို မြန်မာစစ်အစိုးရနှင့် ဆွေးနွေးခဲ့သည်။ ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီက ၂ဝ၁၂ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ရန် စီစဉ်ထားပြီး ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေလျက် ရှိသည်။
မကြာမီ တက်လာမည့် ထိုင်းအစိုးရသစ်သည် ၂ဝဝဝ-၂ဝဝ၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ချမှတ်ခဲ့သည့် မူဝါဒများကို ဆက်လက် ကိုင်ဆွဲသွားမည်ဟု သုံးသပ်သူမှာ ထိုင်းနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သည်နေးရှင်း သတင်းစာ၏ အယ်ဒီတာအဖွဲ့ဝင် ကာဝီ ချွန်ခစ်တဗွန် Kavi Chongkittavorn ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာအတိုက်ခံများ အနေဖြင့် သတိရှိရန်လိုကြောင်း သူက ပြောသည်။
“ယင်လတ်ခ် ကိုယ်တိုင်က သူဟာ သက်ဆင်ကိုယ်ပွား ဖြစ်တယ်လို့ ပြောထားတာ။ နေပြည်တော် အစိုးရနဲ့ ပိုပြီးနီးကပ် ဆက်ဆံသွားမှာဖြစ်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအတိုက်အခံတွေ အနေနဲ့ စိုးရိမ်ရဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သက်ဆင်လက်ထက်မှာ တင်းကျပ်တာတွေ လုပ်ခဲ့ဖူးတယ်လေ” ဟု သူက မဇ္စျိမကို ပြောသည်။
ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းကမူ အစိုးရအသစ်အနေဖြင့်ထိုင်းပြည်သူ များအကြား ပြန်လည် သင့်မြတ်ရေးနှင့် ၈၄ နှစ်မြောက် ဘုရင့်မွေးနေ့ကို အကြီးအကျယ် ကျင်းပရေးတို့ ဦးစားပေးရဦးမည် ဖြစ်သဖြင့် မြန်မာအတိုက်အခံများ အရေး ချက်ချင်း လုပ်ဆောင်ဦးမည်ဟု မယူဆပေ။ သို့သော် “ရေရှည်မှာတော့ မြန်မာအစိုးရနဲ့ ပိုပြီးနီးစပ်လေ၊ ဒီဘက်မှာ တင်းကြပ်တာမျိုးတွေဖြစ်နိုင်လေ လေပေါ့” ဟု ဆိုသည်။
ထိုင်းအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကမူ ထိုင်းအစိုးရသစ် အနေဖြင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီမည်ဟုတော့ မျှော်လင့်နေသည်။
“ဥပမာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်ကဆိုရင် Bangkok Process ဆိုပြီး မြန်မာပြည်မှာ အမျိုးသား သင့်မြတ်ရေးဖြစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
၂ဝဝ၃-၂ဝဝ၄ ခုနှစ် မစ္စတာသက်ဆင် အာဏာရှိစဉ်က Bangkok Process ဟု အမည်ပေးထားသော စင်္ကာပူ၊ သြစတြေးလျ၊ သြစတြီးယား၊ အီတလီ၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ တရုတ်နှင့် အိန္ဒိယတို့ ပါဝင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အိမ်ရှင်အဖြစ် ၂ ကြိမ် ကျင်းပခဲ့သော်လည်း ဒုတိယအကြိမ်တွင် မြန်မာက မတက်ရောက်တော့သဖြင့် အစီအစဉ် ရပ်သွားခဲ့သည်။
လက်ရှိ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်နှင့် မြန်မာ့အရေး စိတ်ဝင်စားသူ အာဆီယံ အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌ ကရိုင်ဆတ် ချွန်ဟာဗန်ကမူ အသစ်တက်လာမည့် အစိုးရသည် ကော်ပိုရေးရှင်းနှင့်ကုမ္ပဏီ များ၏ အကျိုးစီးပွားကိုသာ ဦးစားပေးမည်ဖြစ်၍ မြန်မာလူထုအတွက် အန္တရာယ်ရှိသည်ဟု ဆိုသည်။
“သူတို့မှာက ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒေသခံ အသံကို သိရဖို့လည်း မကြိုးစားတတ်ကြဘူး။ ဥပမာ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်တာ၊ ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ပြီးခဲ့တဲ့ အစိုးရ (သက်ဆင် အစိုးရ) က ထားဝယ်မှာ ရေနက်ဆိပ်ကမ်း ဆောက်ချင်တယ်။ အခု တက်မယ့် အစိုးရလည်း အတူတူပဲဖြစ်မှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။
ဖြစ်လာနိုင်ဖွယ်ရှိသော ယင်လတ်ခ် ဦးဆောင်မည့် ထိုင်းအစိုးရအသစ်သည် မစ္စတာသက်ဆင်နှင့် မစ္စတာအဖိဆစ် တို့၏ အစိုးရများထက် ပိုမိုအင်အား ခိုင်မာမည်ဟု သူက ယူဆသည်။ ထိုင်းနိုင်ငံရှိ မြန်မာအတိုက်အခံများနှင့် ပတ်သက်၍ နေပြည်တော်အစိုးရက တောင်းဆိုလျှင် ရံဖန်ရံခါ တင်းကျပ်မှုများ ဆောင်ရွက် လာနိုင်သော်လည်း အပြီးသတ် ရှင်းလင်းမည် မဟုတ်ဟု သူက သုံးသပ်သည်။