မိုးသက်လေပြင်းကြောင့်ရခိုင်တွင်သမိုင်းဝင် ရှေးဟောင်းဘုရားပြိုကျ

မိုးသက်လေပြင်းကြောင့်ရခိုင်တွင်သမိုင်းဝင် ရှေးဟောင်းဘုရားပြိုကျ
by -
ဆူးပန်း

ရခိုင်ပြည်နယ်တွင်မိုးသက်လေပြင်းမုန်တိုင်းဒဏ် ကြောင့် မြောက်ဦးမြို့သမိုင်းဝင်ရွှေဂူတောင်ဘုရား သည် ဇူလိုင်လ (၃) ရက်နေ့တွင် ပြိုကျပျက်စီးခဲ့ သည် ဟု ဒေသခံများမှပြောပါသည်။

ရှေ့ဟောင်းရွှေဂူတောင်ဘုရားပြိုကျသည့် ဖြစ်စဉ်ကိုပြည်နယ် အငြိမ်းစားသုတေသနဌာနဒုတိယညွှန်ကြား ရေး မှူး ဦးကျော်ထွန်းအောင်မှ ယခုလိုပြောပါသည်။

“ရွှေဂူတောင်ဘုရားပြိုတာကတော့ (၃)ရက်နေ့မှာ တစ်ပိုင်းပြိုကျသွားတာပေါ့။ အခုအခြေ အနေကတော့ နောက်ထပ်ပြိုကျမဲ့အလားအလာရှိတယ်။ စေတီတစ်ဝက်နဲ့အောက်ခြေထိ တစ်ခြမ်းပေါ့ပြိုကျသွားတယ်။ ပြိုကျရာကရတဲ့ ဆင်းတုတော်တစ်ဆူရယ်။ ကြေးအိုးတစ်လုံးမှာ အင်္ဂလိပ်ခေတ်ကဒင်္ဂါး ငွေသားဒင်္ဂါးတွေပေါ့။ အဲဒီပစ္စည်း တွေတော့ပေါ်ထွက်လာတယ်။”

ရှေးဟောင်းရွှေဂူတောင်ဘုရားကို ရှေးရခိုင်ဘုရင်မျးကဗေဒင်ယတြာကိန်းခန်းအရ တည်ဆောက် ထားသော ကြောင့် ယခုလိုပြိုပျက်သွားခြင်းသည်ရခိုင်ပြည်၏ကံကြမ္မာနှင့် သက်ဆိုင်ကြောင်းပြည်နယ်အငြိမ်းစား သုတေသနဒုတိယ ညွှန်ကြားရေးမှူးဦးကျော်ထွန်းအောင်မှ ယခုလိုပြောပါသည်။

“ရခိုင်ရဲ့အတိုးတက်ဆုံးခေတ်ပေါ့။ မြောက်ဦးခေတ်ကိုစတည်တဲ့ဘုရင်က လောင်းကြက်ကနေပြီး တော့ ပြောင်းလာတာ။ လောင်းကြက်ကပြောင်းလာတာက မွန်မြန်မာအနှစ်(၄၀)စစ်က လောင်းကြက်မှာ တစ်ကြိမ် လောက်ဖြစ်တယ်။ ဆိုတော့မင်းဘောင်းဟာ အနောက်အင်္ဂါကိုသွားပြီးတော့ တိမ်းရှောင်နေရတယ်။ နောက်ပိုင်း ရခိုင်ကိုပြန်သိမ်းပြီးတော့ သူကစစ်ရေးအရသော်၄င်း ယတြာအရသော်၄င်း နောက်တခါဗေဒင် ယတြာအနေနဲ့ ရခိုင်လူမျိုးတွေကောင်းစားဖို့အတွက်ရော သူကဘုရား(၅)ရပ် နတ်(၈ရပ်ဆိုပြီးတော့တည် တယ်။ ကျွန်တော်တို့ ရွှေဂူတောင်က ဘုရား(၅)ရပ်ထဲမှာတစ်ရပ်အပါ၀င်ဖြစ်နေတယ်။ ဆိုတော့ရခိုင်တွေရဲ့ ကံကြမ္မာရယ် ရခိုင်တွေရဲ့ တည်တန့်မှုတွေဟာ ဒီဘုရားတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။”

ရှေ့ဟောင်းရွှေဂူတောင်ဘုရားကို သက္ကရာဇ်(၇၉၂)ခုနှစ်တွင် မြောက်ဦးမြို့ကိုပထမဦးဆုံးစတင်တည်ထောင် ခဲ့ သော မင်းစောမွန်ဘုရင်မှတည်ထောင်ခဲ့ပါသည်။ ရှေ့ဟောင်းဘုရားကို ရှေးရခိုင်ဘုရင်အဆက်ဆက်က ပြန်လည် မွမ်းမံတည်ဆောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ခြင်းမရှိဟုဦးကျော်ထွန်း အောင် ကပြောသည်။

မြောက်ဦးမြို့ခံ ဆရာတော်တစ်ပါးကမူ နိုင်ငံတော်အစိုးရမှရခိုင်အမျိုးသားများ၏ အမျိုးသားရိုးရာယဉ်ကျေး မှု အမွေအနှစ်များကို ထိန်းသိမ်းလိုမှုမရှိကြောင်း ယခုလို မြွက်ကြားခဲ့သည်။

“ရာသီဥတုကြောင့်လဲ ဘုန်းဘုန်းတို့ဘုရားတွေပျက်စီးခဲ့ရတယ်။ အစိုးရကလဲ ဘုရာပုထိုးစေတီကို ဖျက်တယ်။ ပြီးခဲ့တဲ့နှစ်တွေက ရထားလမ်းဖေါက်ဖို့ ဘုရားစေတီတွေအများအပြားဖျက်ခဲ့တယ်။ လူမျိုး ကိုစော်ကားယုံတင်မကဘူး ဘာသာတရားတွေကိုလဲစော်ကားတယ်။သူတို့ကတိုင်းရင်းသားတွေပျောက် သွားအောင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေပျက်စီးအောင်အတွက်ဘဲ အစီအစဉ်ရှိတယ်။ထိန်းသိမ်းဖို့ ကျတော့ လုံးဝထည့်စဉ်းစားတာမဟုတ်ဘူး။”

ယခုလို မိုးသက်လေပြင်းဒဏ်ကြောင့် သမိုင်းဝင်ရှေ့ဟောင်းဘုရားပျက်စီးသွားခြင်းသည်အဖိုးမဖြတ်နိုင် သည့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုဆုံးရှံုးတစ်ရပ်ဖြစ်သည်ဟုအငြိမ်းစားသုတေသနဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းအောင်မှပြောပါသည်။

Most read this week