ချင်းမိုင် (မဇ္စျိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ပြန်လည် ဖြစ်သွားသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟောင်းများနှင့် အစိုးရတပ်များ ပါဝင် ပူးပေါင်းထားသည့် လက်ကျန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား ကရင်ပြည်နယ် လှိုင်းဘွဲနှင့် ဖိပွန်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်နေကြောင်း DKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောသည်။
တပ်ရင်းမှူး ဗိုလ်မှူးစိုးနိုင် ဦးစီးသော နယ်ခြားစောင့်တပ် အမှတ် ၁ဝ၁၁ နှင့် အစိုးရတပ်မှ တပ်မ ၄၄၊ ၆၆ ၊ ၂၂ တို့ ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်ရင်းမှူး စောဘိဦးစီးသော DKBA များ ကြာသပတေးနေ့ညနေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ တခေါ့ဖိုးရွာအနီး၌ တနာရီကျော် တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဘက်မှ ဗိုလ်မှူးစိုးနိုင် ကျဆုံးသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း DKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။
ဇွန်လ ၂၉ ရက် ညကလည်း သံလွင်မြစ်အနောက်ဘက် ဖာပွန်မြို့နယ် ကမမောင်းရွာအနီး၌ အစိုးရတပ်များနှင့်
ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။
“ သူပစ်ကိုယ်ပစ်လေ ဘယ်သူ့လက်နက်ထိတယ်ဆိုတာ ပြောလို့မရသေးဘူး” ဟု သူက ပြောသည်။
သောကြာနေ့တွင် တိုက်ပွဲများဆက်ဖြစ်သည်ဟု မကြားရသေးသော်လည်း နှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။
တိုက်ပွဲနေရာသည် သံလွင်အနောက်ခြမ်း သထုံ-ကမမောင်း-ဖာပွန် ကားလမ်း၊ အရှေ့ခြမ်း ဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA ၏ ဘားအံခရိုင် တပ်မဟာ ရ၊ ဖာပွန်ခရိုင် တပ်မဟာ ၅၊ သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU အတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေက
ပြောပြသည်။
KNLA တပ်မဟာ ၅ နယ်မြေအတွင်း၌ အစိုးရနယ်မြေခံတပ်မ ၁ဝ၁ နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းပေါင်း ၁၁ ရင်း၊ တပ်မဟာ ရ နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ ၁၂ လက်အောက်ခံ တပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။