ထုတ်တင် ဂျာနယ်အချို့ကို ဆင်ဆာသတိပေး

ထုတ်တင် ဂျာနယ်အချို့ကို ဆင်ဆာသတိပေး
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။      ။ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ဆင်ဆာဘုတ်တင်ခွင့် မလိုတော့သော အုပ်စုရှိ ဂျာနယ်အချို့မှ တာဝန်ရှိသူများကို ဆင်ဆာဘုတ် အဖွဲ့က ခေါ်ယူ သတိပေးခဲ့သည်ဟု ရန်ကုန်ရှိ သတင်းစာဆရာများက ပြောသည်။

htotetin1မိန်းကလေးတဦး၏ အဝတ်အစား၊ ဆေးပညာပေး ဆောင်းပါးတခုတွင် အရေးသား ကြမ်းတမ်းသည်ဟု ဆိုခြင်း တို့ အပါအဝင် ရေးသားမှုကို ချုပ်တီးရှောင်လွှဲရန် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက် စာပေစိစစ်နှင့်မှတ်ပုံ တင်ဌာနက သတိပေးခြင်း ဖြစ်သည်။

ထုတ်တင် ဂျာနယ်အချို့ ဆင်ဆာဘုတ်မှ ခေါ်ယူသတိပေးခြင်းခံရ ဇွန်လ ၁ဝ ရက်နေ့နောက်ပိုင်းဆင်ဆာ ဘုတ်က ခေါ်ယူသတိပေးခံရသူ မည်ရွေ့မည်မျှ ရှိခဲ့သည်ကို အတိအကျ မသိသေးသော်လည်း ရန်ကုန် သတင်းစာနယ်ဇင်းလောက အဆိုအရ အနည်းဆုံး ဂျာနယ် ၁ဝ ခုရှိပြီဟု သိရသည်။

သတင်းစာဆရာများက “ထုတ်တင်” ဟု အမည်ပေးထားသော အုပ်စု ၁ ပါ အားကစား၊ ကျန်းမာရေး (သုတ၊ ရသ)၊ အနုပညာ၊ ကလေး၊ နည်းပညာတို့အကြောင်း ဦးတည် ရေးသားထုတ်ဝေသော ရုပ်ပြ၊ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၁၇၈ ခုသည် ထုတ်ဝေပြီးမှသာ ဆင်ဆာဘုတ်သို့  ပြသရန် လိုအပ်သည်။ သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး အမျိုးအစားဝင် ၁၈ဝ ခုကမူ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ကြိုတင်ခွင့်ပြုချက် ရဖို့လိုသဖြင့် “တင်ထုတ်” ဟု ခေါ်တွင်ပြီး အုပ်စု ၂ တွင် ပါဝင်သည်။

ပြင်ဆင်လိုက်သော ပြန်ကြားရေး၏ စည်းကမ်းအရ ဂျာနယ်၊ မဂ္ဂဇင်းများတွင် အလားတူကိစ္စ ၃ ကြိမ်မြောက် ကျူးလွန်လျှင် အာမခံငွေ ကျပ်သိန်း ၅ဝ အား စာပေစိစစ်ရေးသို့ စပေါ် တင်ရတော့မှာဖြစ်ပြီး ထပ်မံဖောက်ဖျက် ပါက ထိုငွေထဲမှ ဒဏ်ငွေအား နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူမည်။

“ကျနော်တို့လည်း ရာသီဥတုအခြေအနေ ကြည့်ပြီးတော့ လုပ်နေရတယ်” ဟု စျေးကွက်တွင်ထိပ်တန်းပြေးနေ သော သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက ပြောပြသည်။

မူဝါဒပြောင်းသော်လည်း ခေါ်ယူသတိပေးမှုများ ရှိနေခြင်းကိုက စာပေစိစစ်ရေး ရှိနေသေးသည် ဆိုသည့် အဓိပ္ပာယ် သက်ရောက်နေကြောင်း အခြားအယ်ဒီတာ တဦးက သုံးသပ်သည်။

“ဘာထူးလို့လဲ။ အချောကြည့်ပြီး စစ်တာနဲ့ အကြမ်းကြည့်ပြီး စစ်တာပဲ ကွာသွားတယ်။ စိစစ်နေတုန်းပဲဆိုတဲ့ သဘော၊ လက်မှတ်ထိုးရတယ်ဆိုရင် မကောင်းဘူး။ ခံဝန်ကတိ ထိုးခိုင်းတာကြီးကတော့ ချည်နှောင်တဲ့ သဘောမျိုး ဖြစ်တာပေါ့။ မသင့်တော်ဘူး” ဟု သူက ပြောဆိုသည်။

htotetin2ထို့အပြင် မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသတွင် ထုတ်တင် ဂျာနယ်အချို့ ဆင်ဆာဘုတ်မှ ခေါ်ယူသတိပေး ခြင်းခံရ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတော် အာဘော်အတိုင်း ရေးနေရသည်ဟု အပတ်စဉ်ထုတ် ဂျာနယ်တိုက်အယ်ဒီတာ အများစုက ပြောသည်။

“သတင်းစာမှာ ပါတာရယ်နဲ့ (ဦး)ရွှေမန်း ပြောတာ လောက်တော့ ရတယ်။ ဒေသခံတွေဘက်က ပြောတာတွေ အသံတွေ၊ နောက် အပြင်မှာထွက်နေတဲ့ KIO က (ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်) ဦးလနန်ပြောတာတွေကို မရဘူး။ နိုင်ငံတော်သတင်းစာ အာဘော်အတိုင်းသာ ဆိုတော့ မရတော့ဘူးလေ” ဟု ဝါရင့်အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

အခြား အယ်ဒီတာကလည်း “ရန်ကုန်မှာက နည်းနည်း အကန့်အသတ်ရှိတယ်။ တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ ကတော့ များသောအားဖြင့် မတင်ခိုင်းဘူး။ ဒီရက်ပိုင်းမှာတော့ တိုက်ပွဲသတင်းရယ်လို့ မဟုတ်ပါဘူး။ တင်တော့ တင်ပြနေကြတာပဲ။ သတင်းစာမှာ ပါတဲ့ဟာကို အခြေခံပြီး ရေးတာပေါ့” ဟု ပြည်တွင်းမှ အယ်ဒီတာ တဦးက
 ပြောသည်။

တချို့ သတင်းဂျာနယ်တိုက်များက နယ်စပ် စစ်ပွဲအကြောင်းကို တိုက်ရိုက်ဖော်ပြခြင်း မဟုတ်ဘဲ တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ ပို့ကုန်များ မြင့်တက်ခြင်း စသည့် သတင်းမျိုးကိုမူ ဖော်ပြရေးသားကြသည်။

“ပုံစံက ဒုက္ခသည် အခြေအနေ၊ ကုန်သွယ်ရေး ရပ်တန့်တာတို့။ ကုန်သွယ်ရေး ရပ်ဆိုင်းသွားတာမျိုး၊ ပို့ဆောင် ရေးတွေ တက်လာတာမျိုးတွေ တင်ပြတယ်။ တိုက်ပွဲသတင်းမှာက အစိုးရသတင်းစာမှာဖြစ်နေ တယ်ဆိုတာ ရေးလို့ရပါတယ်” ဟု အခြား သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

အရေးကြီးသည့် ရေအားလျှပ်စစ် စီမံကိန်း ကာကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် အစိုးရတပ်နှင့် KIA တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ယခုလ ၁၈ ရက်နေ့ထုတ်သတင်း စာပါ အတိုင်းသာ ဂျာနယ်အများအပြားက ရေးသားဖော်ပြကြသည်။

ယခုလ ၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၁၇ ရက်ကြာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း နိုင်ငံပိုင်မီဒီယာများတွင် တကြိမ်သာ သတင်းထုတ်ပြန်ခဲ့သေးသည်။

Most read this week