ချင်းမိုင် (မဇ္ဈိမ) ။ ။ ကားဗုံးတခုအပါအဝင် မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် ဗုံးပေါက်ကွဲမှုများ သောကြာနေ့ နေ့လည်၌ ရှေ့ဆင့်နောက် ဆင့် ဖြစ်ပွားခဲ့ပြီး၊ နောက်ထပ် ၃ နာရီအကြာမန္တလေး တွင် နောက်ထပ်ဗုံးတလုံး ပေါက်ကွဲပြန်သည်။
စိန်စံပယ်ဖူး ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်းအနီး အမှိုက်ပုံအနီး ပေါက်ကွဲခြင်း ဖြစ်ပြီး၊ မန္တလေးတွင် အစောပိုင်းက ပေါက်ကွဲသော နေရာနှင့် သိပ်အလှမ်းမဝေးသော နေရာဖြစ်သည်။
သံသယဖြစ်ဖွယ် ဗုံးတွေ့သည်ဆိုသော သတင်းအရ စစ်သားများက မွန်းလွဲ ၂ နာရီခန့်ကတည်းကအဆိုပါ နေရာကို ပိတ်ဆို့ထားလိုက်နိုင်သော်လည်း ပေါက်ကွဲမှုက ဖြစ်ပွားခဲ့သည်။ မည်သူကမျှသူတို့လက်ချက်ဖြစ် သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ပေါက်ကွဲမှုလေးခုတွင် ဒဏ်ရာရသည်ဟု အတည်ပြုနိုင်သည်မှာ မန္တလေး ၈၂ လမ်းနှင့် ၈၄ လမ်းထောင့် စျေးချိုဟိုတယ်ရှေ့ ရပ်နားထားသော ပါဂျယ်ရိုးကား ၃ခ/ ၁၉ဝ၄ တွင် ပေါက်ကွဲမှုဖြစ်သည်။ကားဗုံးပေါက်ကွဲ ချိန်တွင် ကားပေါ်၌ လူမရှိသော်လည်း အနီးနားရှိ ယာဉ်ထိန်းရဲတဦး ဒဏ်ရာရသွားခဲ့သည်ဟု မန္တလေးမြို့ မီးသတ်အရာရှိ တဦးက ပြောသည်။
“ကားကတော့ လုံးဝ စုတ်ပြတ်သွားတယ်။ ဗုံးက တော်တော်ပြင်းတဲ့ ဗုံးပဲ” ဟု မန္တလေး မီးသတ်အရာရှိ တဦးက ပြောသည်။
မီးလောင်မှုဟု ထင်၍ သွားရောက်သော မီးသတ်သမား များကို စစ်ဘက်က “ မင်းတို့အလုပ်မဟုတ်ဘူး ” ဟု ဆိုကာ မောင်းထုတ်ခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။
“အန်တီတို့ကလည်း မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ အခု ဗုံးပေါက်တာက ၂၈ လမ်းနဲ့ ၈၄ ထောင့် ဆိုတော့ အန်တီတို့နဲ့ ကြားထဲမှာ နှစ်ပြပဲ ဝေးတာပဲ။ အသံတော့ ကြားလိုက်ရတယ်။ မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ မိုးကြိုးပစ်တယ်ထင်ပြီး ဒီအတိုင်းနေတာကို အရပ်ထဲက အဲဒါ မိုးကြိုးပစ်တာ မဟုတ်ဘူး။ ဗုံးကွဲတာ ပြောမှ သိရတာ” ဟု မန္တလေးမြို့ခံ အမျိုးသမီးတဦး မဇ္စျိမကို ပြောသည်။
တချိန်တည်းမှာပင် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ပြင်ဦးလွင်တွင်လည်း လူသူမရှိသော နှစ်ထပ်တိုက် အိမ်များတွင် ဗုံးပေါက်ကွဲခဲ့သည်။
နေပြည်တော် သပြေကုန်းရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင် ပြင်းထန်သော ဗုံးပေါက်ကွဲခြင်းနှင့် ပတ်သက်၍ မြို့အုပ်ချုပ်ရေးအရာရှိတဦးက “ဗုံးက တော်တော် ပြင်းလွန်းတယ်။ ၂ ထပ်တိုက် အပေါ်ထပ်မှာ ကွဲတာပါ။ အပေါ်ထပ်က သော့ပိတ်ထားတယ်။ ပေါက်တာလည်း အပေါ်ထပ်မှာပဲ။ အပေါ်ထပ် တထပ်လုံး ပွင့်ထွက်သွားတယ်။ ဗုံးကပြင်းတာကိုး" ဟု မဇ္ဈိမကို ပြောသည်။
စစ်ဘက်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်တော့ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နေအိမ် ဗုံးကွဲမှုကြောင့် အပေါ်ထပ် တခုလုံးနီးပါး ပျက်စီးသွားသည်။
မဇ္ဈိမသတင်းထောက်များအပါအဝင် မျက်မြင်သက်သေများက ပြင်ဦးလွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားမှုကို သတင်းပေးပို့ကြချိန်တွင် ပြင်ဦးလွင် ရဲစခန်းက ဗုံးပေါက်ကွဲမှု မဖြစ်ကြောင်း ငြင်းဆန်နေကြသည်။
စစ်ဘက်ပုဂ္ဂိုလ်များ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတိုင်းသို့ရောက်ရှိ စုံစမ်းစစ်ဆေးနေပြီး ပြင်ဦးလွင်တွင်တော့ အခရာ ကျသော နေရာများတွင် လုံခြံုရေးစစ်ဆေးမှုများ ပြုလုပ်နေသည်။ တရက်တည်းဆက်တိုက်ဗုံးပေါက် ကွဲမှုများက နောက်ထပ် ပေါက်ကွဲမှုများ လာနိုင်သေးသည်ဆိုသော ကောလာဟလကြောင့်လူအများ အတွင်း စိုးရိမ်စိတ်များ တိုးပွားနေတော့သည်။
သတင်းပေးပို့ချိန်အထိ မန္တလေးမြို့တွင် ဗုံးရှာဖွေမှုများ စစ်ဘက်က ဆက်လက် ပြုလုပ်နေသည်။