ဒေါ်ဘောက်ဂျာကြောင့် ပါတီပါ ပျက်နိုင်ဟု ကော်မရှင် ခြိမ်းခြောက်

ဒေါ်ဘောက်ဂျာကြောင့် ပါတီပါ ပျက်နိုင်ဟု ကော်မရှင် ခြိမ်းခြောက်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်တွင် လာရောက် ပညာသင်ကြားနေသော ကချင်ကျောင်းသား ၁၉ ဦးကို နေရပ်ရင်းသို့ ပြန်ရန် အာဏာပိုင်များမှ ဖိအားပေးမှုကို ဒေါ်ဘောက်ဂျာကပြည်ပအခြေ စိုက် မီဒီယာများသို့ ပြောကြားမှုမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီပါပျက်သွားနိုင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကခြိမ်းခြောက်လိုက် သည်။

Bauk-Jaအန်ဒီအက်ဖ် ပါတီဝင် ဒေါ်ဘောက်ဂျာ၏ လုပ်ရပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင် သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ဆွေက စနေနေ့က ပြောဆိုခဲ့သည်။

“ မိမိကိုယ်ရေးကိုယ်တာထက် ပါတီအရေးကို ဦးစားပေးရမယ်၊ ပါတီအရေးထက် နိုင်ငံတော်ရဲ့အရေးကို ဦးစားပေးမယ်ပေါ့၊ ကိုယ်လုပ်တဲ့ အလုပ်တွေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မပြိုကွဲစေဖို့ အဲဒါတွေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာရင်တော့ ပါတီပါ ရပ်နားသွားနိုင်တဲ့ အခြေအနေအထိ ဖြစ်နိုင်တယ်လို့ ပါတီက လူကြီးတွေပါ ခေါ်သတိပေးခံရတယ်” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ဦးမြင့်ဆွေက အန်ဒီအက်ဖ် ဗဟိုဦးစီးကော်မတီဝင်များ ဖြစ်သည့် ဦးမျိုးဇော်အောင်၊ ဦးတိုးတိုးတို့နှင့် အတူ ဒေါ်ဘောက်ဂျာကို  ရန်ကုန်မြို့ ပြည်လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာတွင် အိမ်ငှားနေထိုင်ကြသော ကချင်ကျောင်းသားများကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းတိုင်ကြားခွင့် ပိတ်ပင်ခဲ့ခြင်းကို အဓိက ဖော်ထုတ်နိုင်ခဲ့သူမှာ ဒေါ်ဘောက်ဂျာ ဖြစ်သည်။

အစိုးရက ဆတ်ဆတ်ထိမခံသော စစ်ပွဲအကြောင်းနှင့် ပတ်သတ်နေသည့် အကြောင်းအရာများကို မီဒီယာများမှ ဖော်ထုတ်နေခြင်းနှင့် ပတ်သက်၍ ဒေါ်ဘောက်ဂျာက မဇ္ဈိမနှင့် သီးသန့် အင်တာဗျူးတခုတွင် “ ငယ်ငယ်ကတည်းက တိုက်ပွဲကြားထဲမှာနေရင်း ဒုက္ခဆင်းရဲတွေ ခံစားခဲ့ရတယ် ” ဟု ဆိုကာ “ ဒီပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်၊ သူတို့ရဲ့ ဘဝမြှင့်တင်ရေး တကယ်ကို လိုအပ်တယ်ဆိုတာ သိလာတဲ့အခါ အမမှာ ကိုယ့်ကိုယ်ကိုလည်း သတိမထားမိတော့ဘူး။ ရင်ထဲကလာတဲ့ စေတနာဟာ သူ့တို့ကို ဒုက္ခရောက်နေတဲ့ ကိုယ့်ကလေးတွေလိုပဲ မျက်စိထဲမှာ မြင်လာတယ်။ ဒီလူသားတွေရဲ့ အရေးထက် ဘယ်အရာမှ တန်ဖိုးမရှိဘူးဆိုတာ သိလာတဲ့အခါ ဘာမှကြောက်တာမျိုးလည်း မရှိတော့ဘူး။ လုပ်ပေးချင်တဲ့စိတ်က များနေတဲ့အခါ ကြောက်တဲ့စိတ်က လုံးဝကို မရှိတော့တာပါ’’ ဟု ပြောခဲ့ဖူးသည်။

ပါတီမဝင်ခင်ကတည်းက လူမှုရေးလုပ်ငန်းများ ဖားကန့်မြို့နေ ဒေါ်ဘောက်ဂျာအနေဖြင့် အားတက်သရော  ဆောင်ရွက်တတ်သူဟု အန်ဒီအက်ဖ်၏ နိုင်ငံရေး ဦးဆောင်ကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

“ဒီဟာတွေဟာ စေတနာဆိုးနဲ့ ပြောတာ မဟုတ်ဘူးလို့တော့ ကျနော်တို့က ယုံကြည်တယ်။ သတင်းတွေက သူပြောတာကိုး။ ခင်ဗျားတို့ မီဒီယာတွေမှာလည်း သတင်းတွေက ပါနေတာကိုး။ သတင်းကိုပြောခြင်း အားဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် သွားချင်တယ်ဆိုတာ သူ့မှာ ဆန္ဒရှိနေတယ်ဆိုတာ ကျနော်တို့ သိပြီးသားပါ။ ကော်မရှင်အနေနဲ့ကတော့ သူ့အပေါ်မှာ အတွေးမှားတာ၊ ဒါမှမဟုတ် ကြောင့်ကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဧည့်စာရင်း တိုင်ခွင့်မရသဖြင့် အချိန်မရွေး အဖမ်းခံရနိုင်သည့် အန္တရာယ်ရှိသော ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှ ကျောင်းသားများနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးက စုံစမ်းမှု ပြုလုပ်နေသည်။

ကျောင်းသားများ၏ နေရပ်လိပ်စာအပြည့်အစုံ၊ ကျောင်းပြောင်း လက်မှတ်နှင့် ယခုတက်နေသည့် ကျောင်းလိပ်စာတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တောင်းခံထားသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ဒေါ်ဘောက်ဂျာသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီ၏ ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ သို့သော် ကြံ့ဖွံ့ပါတီမှ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးဟောင်း ယခု သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

Most read this week