နယူးဒေလီ (မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး မစ္စတာ အက်စ်အမ်ကရစ်သျှနား S M Krishna သည် လာမည့် တနင်္လာနေ့တွင်မြန်မာ နိုင်ငံသို့ အလည်အပတ် သွားမည်ဟု ရန်ကုန်ရှိ အိန္ဒိယသံရုံးက မဇ္စျိမကို ပြောဆိုသည်။
ခရီးစဉ်အတွင်း မည်သည့် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကို အတိအကျ မသိရှိရသေးကြောင်း သံရုံးမှ အမည်မဖော်လိုသည့် အကြီးတန်း အရာရှိတဦးက ဆိုသည်။
“ဇွန်လ ၂ဝ ရက်နေ့မှာ လာမှာပါ။ ဒါပေမဲ့ တိကျတဲ့ အသေးစိတ်ကိုတော့ လက်ခံမရရှိသေးပါဘူး။ လာမယ်လို့ ဆုံးဖြတ်ပြီးတာပဲ ရှိပါတယ်။ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ မသေချာသေးပါဘူး။ စီစဉ်နေဆဲပါ။” ဟု သူက ပြောသည်။
မြန်မာသမ္မတ ဦးသိန်းစိန်၏ အိန္ဒိယခရီးစဉ်အတွက် အိန္ဒိယဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်မှာ ကနဦး ပြင်ဆင်မှု ဖြစ်နိုင်ကြောင်း ညွန့်ပေါင်း အစိုးရ NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္စျိမကို ပြောသည်။
“တရုတ်နိုင်ငံကို သွားပြီးမှ အိန္ဒိယကို မလာဘူးဆိုရင်အိန္ဒိယဘက်က ကြည့်ရင် ဒါဟာ အင်မတန်မှခွင့်မလွှတ် နိုင်စရာ နိုင်ငံတကာ ဆက်ဆံရေး ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် လာကိုလာရမယ့် အနေအထား ရှိတယ်။ ဒီအတွက်လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက သွားပြီး ပြင်ဆင်တယ်လို့ ပြောရင်လည်း မမှားဘူးလို့ ဆိုနိုင်ပါတယ်” ဟု ပြောသည်။
သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် မေလ ၂၆ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီး တရုတ်သမ္မတ ဟူကျင်တောင်းနဲ့ တွေ့ဆုံခဲ့သေးသည်။
သမ္မတဦးသိန်းစိန် အိန္ဒိယသွားမည့် အကြောင်း သမ္မတအကြံပေး ဒေါက်တာနေဇင်လတ် အပြောကို ကိုးကားကာ ပြည်တွင်းထုတ် The Voice Weekly ဂျာနယ် အတွဲ ရ၊ အမှတ် ၂၅ တွင် ဖော်ပြခဲ့သည်။ သို့သော် မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပေ။
အိန္ဒိယအနေဖြင့် ၎င်း၏ အရှေ့မျှော်မူဝါဒ အောင်မြင်စေရန် ကြိုးစားနေပြီး အဓိကမှာ နယ်စပ်ဒေသကိစ္စဖြစ် ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးနှင့် လက်နက်ကိုင်အဖွဲ့များ ပြဿနာ ဖြစ်ကြောင်းဒေါက်တာ တင့်ဆွေက သုံးသပ်သည်။
၂ဝဝ၆ ခုနှစ်မှ အိန္ဒိယ-မြန်မာ ထိပ်တန်း ခေါင်းဆောင်များ ဆက်ဆံရေး
အိန္ဒိယနို်င်ငံ သမ္မတ ဒေါက်တာ အေ ပီဂျေ အဗွဒူ ကာလန် ၂ဝဝ၆ မတ် ၈ ရက်မှ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့။
နအဖ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုုပ်မှူးကြီး မောင်အေး ၂ဝဝ၈ ဧပြီလတွင် အိန္ဒိယသို့သွားရောက် လည်ပတ်ခဲ့။
နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ၂ဝဝ၈ နိုဝင်ဘာလတွင် BIMSTEC ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့။
အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ ရှရီဟာမစ် အန်စာရီ ၂ဝဝ၉ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံကိုအလည်အပတ်ရောက် ရှိခဲ့။
နအဖ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ဝ၁ဝ ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်နေ့ထိ အိန္ဒိယနိုင်ငံသို့ လာရောက်ရှိခဲ့။
သူက ဆက်ပြီး “အခုနောက်ပိုင်းဆို နည်းနည်း ပိုရှုပ်ထွေးလာတဲ့ အနေအထား ရှိပါတယ်။ ဗမာပြည်လည်း ကချင်မှာ တိုက်ပွဲတွေဖြစ်နေတော့ ကချင်နဲ့ ဆက်ပြီးတော့ နာဂတောင်တန်းနဲ့ စစ်ကိုင်းတိုင်းဘက်မှာ နေကြတဲ့ အိန္ဒိယဆန့်ကျင်ရေး သူပုန်တွေ ကိစ္စက အိန္ဒိယအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်ပါတယ်။ဒီအတွက် လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက နောက်တနည်းနဲ့ သေချာပေါက် ကြိုးစားလိမ့်မယ်လို့ ယူဆရပါတယ်” ဟု ဆိုသည်။
မစ္စတာ ကရစ်သျှနားသည် ၁၂ ကြိမ်မြောက် ဘင်္ဂလား ပယ်လယ်အော် နည်းပညာ၊ စီးပွားရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ၂ဝဝ၉ ဒီဇင်္ဘာလထဲတွင် လာရောက်ခဲ့ဖူးသည်။
၂ဝ၁၁ ဧပြီလ ၂၅ ရက်နေ့တွင် အိန္ဒိယ ပြည်ပ ထောက်လှမ်းရေး အဖွဲ့တခုဖြစ်သည့် RAW အကြီးအကဲ မစ္စတာ S. K. Tripathi သည် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တွေ့ဆုံခဲ့သေးသည်။