စစ်ကြောင့် တောင်ယာကို စွန့်ခွာကြပြီ

စစ်ကြောင့် တောင်ယာကို စွန့်ခွာကြပြီ
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။     ။ ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား ရ ရက်အကြာတိုက်ပွဲ များ အပြင်းအထန် ဖြစ်ပွားနေမှုကြောင့်စိုးရိမ် ကြောင့်ကြနေကြသည့် ဒေသခံတို့မှာလုပ် လက်စ တောင်ယာ လုပ်ကိုင်ခြင်းရပ်တန့် ထားကြသည်။

စိုက်ပျိုးစရာသီဖြစ်သည့် ယခုကာလတွင် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရန်အတွက် တောင်ယာများကို ခုတ်ထွင် ရှင်းလင်း၍ စတင်စိုက်ပျိုးရန် ပြင်ဆင်နေကြချိန် တိုက်ပွဲ ဖြစ်သဖြင့် ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ မန်စီ၊ လိုင်ဇာ၊ မြစ်ကြီးနား စသည့် မြို့နယ်များမှ ဒေသခံ တောင်ယာလုပ်ငန်းများမှာ အင်္ဂါနေ့မှ စတင်၍ ရပ်ဆိုင်းလိုက်ကြရခြင်း ဖြစ်သည်။

“ ဒီမနက်မိုင်းကွဲတဲ့ တံတားနားကို ကျနော်သွားကြည့်တော့ အဲဒီနားက ဆဒုန်းတောင်ပေါ်မှာတောင်ယာ မလုပ်တော့ပဲ မြို့ဘက်ကို ပြန်ဆင်းလာတဲ့ တောင်သူ အယောက် ၆ဝ-၇ဝ လောက်လမ်းပေါ်မှာ အများကြီးပဲ တွေ့လိုက်ရတယ်။ အားလုံးက အထုပ်ကိုယ်စီနဲ့ပေါ့ သူတို့ ဆက်မလုပ်တော့ဘူး။ ဒါကျနော် ခနလေးပဲ တွေ့လိုက်တဲ့ လူအုပ် တခြားနေရာတွေမှာ ဘယ်လောက်တောင် ပြန်နေကြပြီလဲ စဉ်းစားကြည့်” ဟု မြစ်ကြီးနားမြို့တွင် နေထိုင်နေသည့် NDAK ဘဏ္ဍာရေးမှူးဟောင်းမု ရင်ဒေါင်ခေါင်းက မဇ္စျိမကိုပြောသည်။

လယ်ယာသုံး ပစ္စည်းများ ပြန်လည် သယ်ဆောင်လာကြသည့် တောင်ယာသမားများမှာ မိုးဦးကျ မိုးစပါး စိုက်ရန်အတွက် တောင်တန်းများပေါ်ရှိ တောများကို ခုတ်ရှင်းလင်း၍ စပါးစိုက်ပျိုးကြသူများဖြစ်ပြီးတိုက်ပွဲ ရှိန် မြင့်လာနိုင်မှာကို စိုးရိမ်ကာ အိမ်ပြန်ကြခြင်း ဖြစ်သည်။

“ပြန်လာတယ်ဆိုတော့ သူတို့လုပ်ငန်းက ထိခိုက်သွားပြီလေ။ လယ်လဲမရှိ တောင်ယာလုပ်ငန်းသမားတွေ အားလုံး ပြန်လာကြတာ။ တိုက်ပွဲတွေမရပ်ရင်တော့ လာမယ့်နှစ်အတွက် ဝမ်းစာရေးကတော့အခက်တွေ့မှာ ပေါ့ဗျာ” ဟု မုရင်ဒေါင်ခေါင်း က ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင်လည်း တိုက်ပွဲများ ကျယ်ပြန့်လာမှာကို စိုးရိမ်ထိတ်လန့်မှု တိုးလာနေသည်။

“မကြောက်ပဲ နေပါ့မလားဗျာ။ ဗုံးသံတွေကြားရင် ကြောက်လန့်နေကြတာပဲ။ အခုတောင် လူတွေက ဟိုရွှေ့မလို ဒီရွှေ့မလို့ အသံတွေထွက်နေကြပြီ။ စျေးထဲမှာလည်း ကုန်စျေးနှုန်းတွေက တက်ချင်လာပြီ၊ လမ်းခရီးမကောင်းရင် ကုန်အသယ်အပို့က ပြဿနာ ရှိလာတယ်။ ဒီအတိုင်းဆို နောက် ၂ ရက်လောက် ဆိုရင်တော့ မြို့ပေါ်မှာ ကုန်စျေးနှုန်း မြင့်တက်လာနိုင်တယ်” ဟု ဖျက်သိမ်းခံလိုက်ရသည့် KSPP ပါတီ ဟောင်း မှ ဦးတူးရော် က မဇ္စျိမကို ပြောသည်။

ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ မန်စီနှင့် လိုင်ဇာ မြို့နယ်များ အောက်ရှိ ဒေသခံများမှာမူတောင်ယာ လုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့် အပြင် နေရပ်ကို စွန့်ခွာ၍ တရုတ်နိုင်ငံ ရွှေလီနှင့် ကြယ်ခေါင် မြို့နယ် များအတွင်းသို့ သွားရောက်တိမ်းရှောင်မှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံတို့က ပြောသည်။

“အခုဟာက လယ်မလုပ်တော့ပဲ အိမ်ပြန်ရင်လည်း စစ်တပ်က ပေါ်တာဆွဲမယ် ဆိုတော့။ တရုတ်ပြည်ထဲ သွားနေဖို့ ဆုံးဖြတ်ကြတာပေါ့။ တရားဝင်သွားကြတာ မဟုတ်ဘူး။ လိုင်ဇာမြစ်ကို ဖြတ်ပြီးတော့အောက် လမ်း က ခိုးဝင်သွားကြ တာ။ ဒီနေ့သွားတာတင်ကို ၁၅ဝဝဝ ကျော်လောက်ရှိမယ်။ နည်းတာမဟုတ်ဘူး” ဟု လိုင်ဇာမြို့ခံတဦးက မဇ္စျိမကိုပြောသည်။

ဒေသခံအချို့မှာ ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် တရုတ်နိုင်ငံနယ်စပ် ကျေးရွာများနှင့် မြို့များတွင် အိမ်ခန်းများ ကြိုတင်ငှားရမ်းခြင်း ဆွေမျိုးများကို ကြိုတင်အကြောင်း ကြားခြင်းမျိုးပြုလုပ် ထားကြသည်ဟု စုံစမ်းသိရှိရသည်။ ပြောင်းရွှေ့့သွားသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီး အများစုဖြစ်ကြောင်းသိရပြီး ရွာလုံးကျွတ် ပြောင်းရွှေ့သွားသူများလည်း ရှိကြောင်းပြောပြကြ သည်။

“ရွာမှာ ပြေးနိုင်လွွှားနိုင်တဲ့ အမျိုးသားတွေကို အိမ်စောင့်အဖြစ် ထားခဲ့တယ်” ဟု တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသူတဦးက ပြောသည်။

ဇွန်လ ၉ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် မိုးမောက်နှင့် ဗန်းမော်ဒေသများမှ ပြောင်းရွှေ့လာ ကြသည့် ဒေသခံများ အဆိုအရ တိုက်ပွဲတွင် အစိုးရ စစ်တပ်မှ အသေအပျောက်များသည်ဟု ဆိုသည်။ စစ်မြေပြင်၌ အစိုးရ စစ်တပ်မှ ထောင်သားများကို ပေါ်တာများအဖြစ် အသုံးပြုသလို ဒေသခံရွာများမှ အမျိုးသားများကိုလည်း ပေါ်တာများ အသုံးပြုရန် ခေါ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။ 

အစိုးရစစ်တပ်က လာမည့်ရက်ပိုင်းအတွင်း၌ မြေပြင်မှ တပ်မ ၂ ခုစေလွှတ်ကာ ထိုးစစ်ထပ်မံ တိုးချဲ့သွားရန် ရှိသည့်အပြင် ဝေဟင်မှ လေယာဉ်များဖြင့်လည်း အသုံးပြု တိုက်ခိုက်ဖွယ်ရှိသည်ဟု ဒေသတွင်း အစိုးရ စစ်တပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည့် ကချင်ခေါင်းဆောင်တဦးက ပြောသည်။

လိုင်ဇာမြို့ပေါ်တွင် ဗုဒ္ဓဟူးနေ့ မနက် တနာရီအချိန်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးကာ သတိဖြင့်
 နေထိုင်ကြရန် စာများ ဖြန်ဝေခဲ့သည်ဟု ဆိုသည်။

“အိပ်ရေးပျက်တဲ့ညတွေများပြီ။ ဘယ်အချိန် လက်နက်ကြီးကျမလဲ၊ မြို့ထဲမှာဖြစ်မလဲနဲ့ ညကလည်း အိမ်မပျော်ဘူး။ ကိုယ်တယောက်တည်းဆို တရုတ်ဘက်ကို ချက်ခြင်းပြေးသွားလို့ရတယ်။ မိသားစုက ရှိတယ်လေ။ မြို့ပြင်ဘက်တွေက အုန်း၊ ဒိုင်းနဲ့အသံတွေကြားရင် ပိုအိပ်မပျော်လေပဲ” ဟု လိုင်ဇာမြို့ခံ ကားသမားတဦးက ညည်းညူသည်။

အင်္ဂါနေ့က ကားလမ်းများပေါ် ဗုံးကွဲသည့် သတင်းပျံ့နှံ့သွားပြီးနောက် ခရီးသည်ကား ကုန်သည်ကားများ သွားလာမှုမရှိတော့သလို ယနေ့တွင်လည်း လိုင်ဇာနှင့် မြစ်ကြီးနား ခရီးသည်ကားတစီးသာထွက်ဖြစ်ခဲ့ သည် ဟု သိရသည်။

ရွေးကောက်ပွဲကာလတွင် ကချင်ပြည်နယ်အတွင်း၌ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊စည်းလုံးညီညွတ် ရေးနှင့် ဒီမိုကရေစီပါတီတို့ကို ဒေသခံတို့က မဲပေးရွေးချယ်ခဲ့ကြသော်လည်း ယခုအချိန်တွင်ပျောက်နေ ကြသည်ဟု ဦးတူးရော်က ပြစ်တင်ပြောဆိုလိုက်သည်။

“ဒီပါတီတွေက ဖွဲ့ကတည်းက အစိုးရအလိုကျ ဖွဲ့ကြတာပဲလေ။ သူတို့ကို မဲပေးတဲ့လူတွေ ဒီလိုဖြစ်တော့ သူတို့ ဘာမှလာလုပ်ပေးတာလဲမှရှိဘူး။ ဒီလူတွေကိုသွားမျှော်ပြီး အားကိုးနေလဲ အလကားကပဲ။ လုပ်ပေး နိုင်တဲ့ အဆင့်တွေလည်း တဖွဲ့မှ မရှီဘူး” ဟု ဦးတူးရှော်က ပြောသည်။

ပါတီများနည်းတူ ကချင် ပြည်နယ်ဝန်ကြီးအပါအဝင် ပြည်နယ်မြို့ပေါ်များရှိမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိ သူများ ကလည်း နှုတ်ဆိတ်ငြိမ်သက်နေကြသည်။

အလားတူ နိုင်ငံပိုင်သတင်းစာများတွင်လည်း ပျောက်ကွယ်နေဆဲ ဖြစ်သည်။