ရခိုင်ပြည်နယ်မှ ရဲများကို ဗုံးရှာဖွေရေး သင်တန်းပို့ချ

ရခိုင်ပြည်နယ်မှ ရဲများကို ဗုံးရှာဖွေရေး သင်တန်းပို့ချ
by -
တာကလူး

ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ၆၆ ဦးကို စစ်တွေမြို့ ပလုပ်တောင်ရပ်ကွက်ရှိ ပြည်နယ်အရံ ရဲတပ်ဖွဲ့ ခန်းမတွင် ပထမဆုံး အကြိမ် အဖြစ် သုံးရက်တာ ဗုံးရှာဖွေရေး သင်တန်း တစ်ခုကို ပို့ချပေးနေကြောင်း သတင်းရရှိသည်။

Burmese-policeမြန်မာနိုင်ငံတွင် ဗုံးဖေါက်ခွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်တွင်လည်း လုံခြံုရေးအရ စိုးရိမ်လာရသည့် အတွက်ကြောင့် ယခုသင်တန်းကို ရဲများကို စတင် ပို့ချ ပေးလာခြင်း ဖြစ်သည်ဟု အမည် မဖေါ်လိုသူ ပြည်နယ်အရံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက က ပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာ မကြာခဏဆိုသလို ဗုံးဖေါက်ခွဲမှုတွေ ဖြစ်နေပြီးတော့ ရခိုင် ပြည်နယ်ထဲမှာ လည်း လုံခြံုရေးအရ အရေးကြီးလာလို့ ရဲတွေကို ဒီသင်တန်းကို စတင် ပို့ချပေးလာတာ ဖြစ်ပါတယ်။ အဓိကတော့ လူကြီးတွေရဲ့ ခရီးစဉ်၊ အစိုးရအဆောက်အဦးတွေနဲ့ နိုင်ငံ့တကာ စီးပွါးရေး လုပ်ငန်းတွေကို ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ခုလို သင်တန်း ပို့ချပေးတာလဲ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အတွင်း လုံခြံုရေး အရေးကြီးလာနေမူနှင့် ပတ်သက်ပြီး ၄င်းရဲအရာရှိမှ တစုံတရာ အသေးစိတ် ထုတ်ဖေါ် ပြောကြားခြင်း မရှိသော်လည်း သင်တန်းကို စစ်တပ် မိုင်းရှာဖွေရေးအဖွဲ့မှ အရာရှိများ လာရောက် ပို့ချ ပေးနေခြင်း ဖြစ်ပြီး၊ ယခုလ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

" ပညာအရည်အချင်းအားဖြင့် အနည်းဆုံး ၁၀ တန်းအောင်အဆင့်၊ ရာထူးအားဖြင့် ဆိုရင် တပ်ကြပ် အဆင့် ရှိသူ ရဲတပ်ဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ် မြို့နယ်၊ ခရိုင် နှင့် ပြည်နယ်အဆင့် ရဲဌာနများမှ ရွေးချယ်ပီး သင်တန်း ပေးနေတာ ဖြစ်ပါတယ်။ စုစုပေါင်း ၆၆ ဦးကို ပထမ အသုတ်အဖြစ် သင်တန်း ပို့ချ ပေးနေခြင်း ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ရခိုုင်ပြည်နယ်တွင် ၁၉၉၄ ခုနှစ် နောက်ပိုင်းမှ စပြီး ဗုံးပေါက်ကွဲမူများ မရှိခဲ့သော်လည်း ရန်ကုန် အပါအဝင် တခြားဒေသများတွင် ဗုံးပေါက်ကွဲမူများ မကြာခဏ ဆိုသလို ဖြစ်ပွားနေသဖြင့် ကြိုတင် ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမှ လေ့လာသုံးသပ်သူများက ပြောဆိုသည်။

၂၀၁၀ ခုနှစ်တွင် ရန်ကုန် သင်္ကြန် ရေကစား မဏ္ဍပ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် တခြားဒေသများတွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ပေါ်ပေါက်နေခဲ့ရာ ယခုလ ၁၁ ရက်နေ့ကလည်း နေပြည်တော်ရှိ မြို့မစျေးတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွါးခဲ့ပြီး အနည်းဆုံး လူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မေလ ၁၈ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး လူစီး အမြန်ရထားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်း ကြောင့် လူ ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာ ရရှိသွားခဲ့သည်။

နအဖ စစ်အာဏာသိမ်းပြီးနောက် ၁၉၉၄-ခုနှစ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့သည့် အချိန်မှစ၍ ယခုလက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း ဗုံးဖေါက်ခွဲတိုက်ခိုက်မှု တစုံတရာ ဖြစ်ပွါးခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week