အတိုက်အခံ ၁၁ ပါတီ မဟာမိတ်ဖွဲ့ ကြံ့ဖွံ့နှင့် တစညကိုပြိုင်

အတိုက်အခံ ၁၁ ပါတီ မဟာမိတ်ဖွဲ့ ကြံ့ဖွံ့နှင့် တစညကိုပြိုင်
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။     ။တိုင်းရင်းသား နိုင်ငံရေးပါတီ အများစုပါဝင်သော အတိုက်အခံ ၁၁ ဖွဲ့ကအာဏာ ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ကို ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်တိုက်ရန် ရည်ရွယ်လျက် သောကြာနေ့တွင် မဟာမိတ်ပြုလိုက်ကြသည်။

ပါတီများ၏ ကိုယ်စားလှယ် ၁၈ ဦး တက်ရောက်သော ဆွေးနွေးပွဲကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရုံး၌ ပြုလုပ်ကာ တပါတီလျှင် တဦးကျစီ ပါဝင်ဖွဲ့စည်းလိုက်သည့် ကော်မတီကို 'ဒီမိုကရေစီ မိတ်ဆွေများ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ကော်မတီ' ဟု အမည်ပေးထားသည်။

“အရင် ရွေးကောက်ပွဲမှာ လူထုကလည်း စိတ်ဝင်စားမှု အားနည်းခဲ့တယ်၊ ပါတီတွေလည်း ကွဲနေတယ်ဆိုတော့ ကြံ့ဖွံ့က အသာစီးရသွားတယ်။ အခုချိန်က တနေရာထဲကနေ စုစည်းပြီး နှစ်ဦးချင်း ပြိုင်မယ်။ လူထုကအရင် ထက်စာရင် နည်းနည်းပိုစိတ်ဝင်စားလာပုံရှိတော့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက မဲမသမာမှုတွေ၊ ကြိုတင်မဲတွေ ရှိသလောက် လုပ်လာလိမ့်မယ်လို့ မထင်တော့ဘူး။ ဒီလို စုစုစည်းစည်းနဲ့ ဝင်ပြိုင်ရင် ကျနော်တို့ တိုင်းရင်းသား ပါတီတွေ နိုင်မယ်လို့ ယူဆတယ်” ဟု ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ အထွေထွေ အတွင်းရေးမှူး ဦးလှစိုးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “အခြေခံမူလေးတွေ ရေးဆွဲဖို့ ကျနော်တို့က ဝင်ပြိုင်မည့်နေရာတွေက မဲဆန္ဒရှင်တွေရဲ့ စာရင်းပြုစုမယ်။ ရွေးကောက်ပွဲ ပြိုင်တဲ့အခါ အရင်အသစ်တွေ မပြိုင်တော့ဘဲ၊ မူလ လက်ဟောင်းတွေကိုပဲ ဦးစားပေး ဝင်ခိုင်းမယ်။ နှစ်ပါတီ တိုက်နေရင် ညှိနိုင်ပြီး တပါတီပဲ ဝင်ပြိုင်မယ်” ဟု ပြောသည်။

ပါတီများ ပူးပေါင်းလိုက်ခြင်းကြောင့် အခြားသော ကြံ့ခိုင်ရေးနှင့် ဖွံွ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး -တစည ပါတီတို့သာလျင် သူတို့၏ ပြိုင်ဖက်များ ဖြစ်လာတော့မည်ဟု  တွက်ဆထားသည်။ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အတိုက်အခံအချင်းချင်းလည်း ပြိုင်ခဲ့ကြ၍ မဲအားနည်းခဲ့ကြသည်ဟု သူတို့က သုံးသပ်ထားသည်။

ကော်မတီထဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး RNDP၊ ဝံသာနု NLD ၊ ချင်းအမျိုးသား CNP ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီနှင့် အမျိုးသား မဟာမိတ်များ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ ဒီမိုကရက်တစ် ပါတီ၊  UDP ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေရာများ၊ သန်းခေါင်စာရင်းများ၊ မဲဆန္ဒရှင်စာရင်းများကို အတိအကျ စာရင်းပြုစုသွားမည်ဟု မွန်ပါတီမှ ဗဟိုကော်မတီဝင် နိုင်လှခိုင်က ပြောသည်။

NDF ၊ UDP နှင့် ဒီမိုကရက်တစ်ပါတီတို့က ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းများမှ ဝင်ပြိုင်ကာ၊ ကျားဖြူက ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဝင်ပြိုင်သွားမည်ဟု ယာယီသဘောတူထားကြသည်။ လာမည့် ဇူလိုင် ၂ ရက်နေ့တွင် ကိုယ်စားလှယ်များနှင့် မဲဆန္ဒနယ်များကို ခွဲဝေဆုံးဖြတ်ရန် ထပ်မံ ဆွေးနွေးဦးမည်ဖြစ်သည်။

ကြံ့ဖွံ့ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲနေရာ ၄၅ နေရာရှိရာ၊ အားလုံးအတွက်ကိုယ်စားလှယ်လောင်း များ လျာထားကြောင်း ဇွန် ၂ ရက်နေ့ နေပြည်တော်ရှိ ပါတီရုံးချုပ်၌ အထွေထွေအတွင်းရေးမှူးဖြစ်သူဦးဋ္ဌေးဦး က ပြောဆိုကြောင်း ပြည်တွင်းထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ရေးသားထားသည်။