ချင်းမိုင် (မဇ္ဈိမ) ။ ။ကချင်ပြည်နယ်ဖားကန့် ဒေသတွင် ကျောက်စိမ်းကြောတခု ထပ်မံတွေ့ရှိ ကြောင်း ထိုဒေသကို သုတေသနလုပ် ကျောက် ကြောရှာဖွေခဲ့သည့် အငြိမ်းစား ဘူမိဗေဒပညာရှင် ဦးစိုးသိန်းက ပြောသည်။
ကျောက်စိမ်းကုဋေကြောဟု အမည်ပေးထားသည့် ကျောက်ကြောသစ်ကို ၂ဝ၁၁ ခုနှစ်တွင်ဖေါ်ထုတ်တွေ့ရှိခြင်း ဖြစ်သည်။
“ ကျနော် နိုင်ငံခြားမှာ ပညာသင်ခဲ့ရတော့ အဲဒီနည်းပညာကိုရတယ်၊ကျနော်ကလည်း ပါမောက္ခဆိုတော့ တချို့ Data တွေကို NASA ကလည်း ယူသုံးလို့ရတယ်။ ယူသုံးပြီးတော့ ကျနော်တွက်တာ Data တွေစုစုပြီးတော့ လုပ်ထားတာ၊ နောက်ဆုံး Digital Image Data တွေနဲ့ High Tech နည်းနဲ့ လုပ်လိုက်တော့၊ အဲဒါကျန်နေသေး တယ်ဆိုတာ အခု ထပ်တွေ့တာ"ဟု ဦးစိုးသိန်းက ပြောသည်။
လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက တွေ့ရှိခဲ့သော ရတနာ ကုဋေကုဋာကြောအနီး တည်ရှိသော်လည်း ယခင်က နည်းပညာအားနည်းမှုကြောင့် မတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သူက ပြောသည်။
ယခု တွေ့ရှိသည့် ကျောက်စိမ်းကြော၏ အကျယ်အဝန်းနှင့် ထွက်ရှိနိုင်မည့် ကျောက်စိမ်းတန်ချိန်နှင့် ပတ်သက်ပြီး “ တန်ချိန်အနေနဲ့ကတော့ ငါ့ဆရာသမား ဧက ၁ဝဝ လျှောက်မလား ၁,ဝဝဝ လျှောက်မလား အဲဒီအပေါ်မှာမူတည်တယ်” ဟု ပြောသည်။
“ ကျောက်ရဲ့ အရည်အသွေးကိုတော့ ကျနော် အာမ, မခံဘူး။ အကျယ်အဝန်းကတော့ ငါ့ဆရာသမား ဘယ်လောက် လိုချင်သလဲ အဲဒီယူချင်တဲ့အပေါ်မှာ ကျန်သေးတယ်။ ဧက ၁,ဝဝဝ လိုချင်တယ်ဆိုလည်း ၁,ဝဝဝ ကျန်သေးတယ်” ဟု ပြောသည်။
အေးရှားဝေါလ် ကုမ္ပဏီက ရတနာ ကုဋေကုဋာကြောကို တူးဖေါ်လျက်ရှိရာ ယမန်နှစ်တနှစ်တွင်းပင် အမြတ်ငွေ ယူရိုသန်း ၅ဝ ခန့်ရရှိခဲ့သည်ဟု ယုံကြည်ရသည်။
ရတနာ ကုဋေကုဋာကြော သုတေသနလုပ် ဖော်ထုတ်ပေးနိုင်ခဲ့သူ ဦးစိုးသိန်းက “ကျနော် အာမခံခဲ့တုန်းက တော့ (ကျပ်) သိန်း ရ,ဝဝဝ မြတ်မယ်လို့ ကျနော် အာမခံခဲ့တယ်” ဟု ပြောသည်။