ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၌ ၅ နှစ် အကြာ ဆင်းရဲနွမ်းပါးမှု ၆ ရာခိုင်နှုန်း ကျဆင်း သွားသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်းက အိမ် ထောင်စု စားဝတ်နေရေး အခြေအနေဘက်စုံ လေ့လာမှု စစ်တမ်းတရပ်ကို ကိုးကား၍ပြောဆို လိုက်သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။
နေပြည်တော်၌ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဦးတင်နိုင်သိန်းက ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ၊ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF နှင့် ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု SIDA တို့၏ ပူးပေါင်းစစ်တမ်းကို ညွှန်းဆိုသွားခြင်း ဖြစ်သည်။
စစ်တမ်းကို ၂ဝဝ၄-၂ဝဝ၅ ခုနှစ်တွင် တကြိမ်၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် တကြိမ် မြို့နယ် ၁၁၆ မြို့နယ်မှ အိမ်ထောင် စုပေါင်း ၁၈၆၆ဝ ထံမှ ကောက်ယူခဲ့သည်ဟု ဆိုသည်။
“ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့ကျလာသည်ကို ” ဟု မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး လည်း ဖြစ်သော ဦးတင်နိုင်သိန်းက ပြောကြားသွားကြောင်း သတင်းစာက ကိုးကားရေးသားထားသည်။
“ ဆင်းရဲမွဲတေမှု အခြေအနေမှာ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်၌ တနိုင်ငံလုံး အတိုင်းအတာအရ ၃၂ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းသို့ လျော့နည်းကျဆင်းလာကြောင်း သိရသည်” ဟုလည်းအစိုးရ အာဘော် သတင်းစာက ရေးသည်။
စစ်တမ်း ကောက်ယူမှုနှင့် ပတ်သက်၍ အသေးစိတ် ထည့်သွင်းဖော်ပြခြင်း မရှိပေ။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက “မြန်မာပြည်မှာရှိတဲ့ ကိန်းဂဏန်းတွေက အားကိုးရခက်တယ်။ UNDP ကလည်း ကွက်ကျား ရွေးပြီး (နာမူနာ စံကွက်စနစ်) လုပ်ထားတယ် ဆိုတာမျိုး။ ကျနော်တို့ဆီမှာ တကယ်ကို ဆင်းရဲမူ ပပျောက်ချင်တယ်ဆိုရင် တကယ်ကို ကိန်းဂဏန်းတွေ လေ့လာဖော် ထုတ်ဖို့ လိုတယ်။ အခုလို ၆ ရာခိုင်နှုန်း ကျသွားတယ်ဆိုပြီး၊ ကျနော်တို့က အောင်မြင်နေပြီဆိုပြီး ကျေနပ်နေလို့ မကောင်းဘူးပေါ့ဗျာ။ နောက်တခုကတော့ ကိုယ့်တိုင်းပြည် အခြေအနေ ကိုယ်လည်း သိတာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံ လူဦးရေစာရင်းနှင့် တကွ စာရင်းကိန်းဂဏန်း အရေအတွက် ညွှန်းဆိုရာတွင် သန်းခေါင်စာရင်း ထားရှိရန်မှာ အရေးတကြီး လိုအပ်ကြောင်းကိုလည်း သူက ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အသားတင် ကျောင်းနေ မှုနှုန်း၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုများ လျော့နည်းကျဆင်းရေး၊ အစားအစာ နွမ်းပါးမူ အခြေအနေ၊ အသက် ၅ နှစ်အောက် ကလေးသူငယ်များ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနိုင်မူ အခြေအနေ၊ ကျွမ်းကျင်သော ကျမ်းမာရေး ဝန်ထမ်းများဖြင့် ကလေးမွေးဖွားမူ အချိုးအစား၊ သန့်ရှင်းသည့် သောက်သုံးရေ ရရှိနိုင်မှု အခြေ အနေများ ပိုမိုကောင်းမွန်လာရေး အစရှိသည်တို့ကို ဆွေးနွေးကြသည်ဟု မြန်မာ့အလင်းက ရေးသားထားသည်။
ဆင်းရဲနွမ်းပါးမူ အခြေအနေ လေ့လာတင်ပြချက်၊ ဖွံ့ဖြိုးမူပန်းတိုင်ဆိုင်ရာသတင်းအချက်အလက်များအစီရင်ခံ စာနှင့် ဆင်းရဲနွမ်းပါးမူ ရွေ့လျားပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာတိုကို ကနေဒါနိုင်ငံမှ Trent တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Paul Shaffer နှင့် စစ်တမ်းဆိုင်ရာ အရေအတွက်၊ အရည်အသွေးနှင့် နည်းပညာ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို UNDP မှ မစ္စတာ Sten BackLund တို့က ဆွေးနွေးကြကြောင်း ပါရှိသည်။