ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်အနီး တပ်ကုန်းမြို့နယ်အတွင်း ရထားဗုံးကွဲမှုဖြစ်ပြီး နောက် ရန်ကုန်နှင့် နေပြည်တော် ဘူတာရုံများတွင် ဗုံးရှာ စက်ကိရိယာများဖြင့် အဆက်မပြတ်ရှာဖွေ မှုများ ပြုလုပ်နေရကြောင်း ရဲဝန်ထမ်းများကပြော သည်။
မီးရထားပေါ်နှင့် ရထားဘူတာ အဝင်၊ အထွက်ဂိတ်ဝများတွင် ဗုံးရှာ စက်ကိရိယာများကိုင်ဆောင်ကာခရီး သည် များကို ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေမှုများ ပြုလုပ်ရခြင်း ဖြစ်သည်။
“အရင်တုန်းကတော့ သတင်းရမှ ရှာတယ်။ ရှောင်တခင် ရှာတယ်။ အခုတော့ ၂ ပါတ်လောက် ရှိသွားပြီ။ ၃ ယောက် တတွဲစီ ခွဲပြီးတော့။ ရထားပေါ်ရော ဘူတာ အဝင်အထွက်တွေပါ။ အလှည့်ကျ နေ့ရော၊ ညပါ ရှာဖွေ၊ စစ်ဆေးတာတွေ လုပ်ပါတယ်” ဟု နေပြည်တော် မီးရထားရဲအရာရှိတဦးက မဇ္စျိမကို ပြောသည်။
ဗုံးရှာ ကိရိယာများ ထပ်မံ တိုးချပေးပြီးနောက် နေပြည်တော် ဘူတာကြီး သာမက ဘူတာကြီးသို့ မဆိုက် ရောက်မီ အနီးဝန်းကျင်ရှိ ကြည်တောင်ကန်၊ ရွာတော်၊ မန်ကျီးပင် စသည့် မီးရထားဘူတာများ မှစ၍ ကြိုတင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြရကြောင်း ရထားပေါ်တွင် လိုက်လံရှာရန် တာဝန်ကျသည့်ရဲဝန်ထမ်းတဦး ကလည်း ပြောသည်။
“ကျနော်တို့က ဒီလမ်းကြောင်းပေါ်ပဲလေ။ ရထားလမ်း တလျောက် သူ့အပိုင်းလိုက်၊ အပိုင်းလိုက်ပဲလေ။ နေပြည်တော် တခုတည်းမှ မဟုတ်တာ။ ဟိုးဘက် ဘူတာတွေ ရှိတယ်လေ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ အဲလိုပဲ လမ်းကြောင်း ကြည့်တာ အဲလိုပဲ လုပ်တာ။ BE အဖွဲ့ကလည်း သူတို့ရှာတဲ့ အဆက်တွေ ဘာတွေ ရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အလားတူ ရန်ကုန်မီးရထား ဘူတာကြီးတွင်လည်း မေလကုန်ပိုင်းမှ စတင်ကာ ဗုံးရှာ စက်ကိရိယာများဖြင့် လူအဝင်အထွက် ဂိတ်များတွင် အမျိုးသမီး ရဲဝန်ထမ်းများနှင့် အမျိုးသား ရဲဝန်ထမ်းများက ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်။
“စစ်တာကတော့ အရင်တုန်းကလည်း စစ်ပါတယ်။ အခုမှ အထက်က Pressure ပေးလာလို့ ဒါပါပဲ။စစ်တာ တော့ အဖွဲ့လိုက် အဖွဲ့လိုက် ဂိတ်ထွက်ပေါက်တွေနဲ့ ရထားတွဲတွေပေါ်ပါ တက်စစ်တဲ့ အဖွဲ့တွေ ရှိတာပေါ့” ဟု ရန်ကုန် ဘူတာကြီးရှိ ရဲဝန်ထမ်း တဦးက တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။
မေလ ၁၈ ရက်နေ့က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားသည် နေပြည်တော်အနီး တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ဘူတာရုံမှ ဆင်သေ ဘူတာဘက်သို့ ဦးတည် ခုတ်မောင်းစဉ် စက်ခေါင်း နောက်သုံးတွဲမြောက်ရိုးရိုး တန်း လူစီးတွဲပေါ်၌ ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲပြီး အမျိုးသမီးတဦး အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။