နယူးဒေလီ (မဇ္စျိမ) ။ ။ အမေရိကန်ဒေါ်လာ နှင့် မြန်မာငွေ လဲလှယ်နှုန်းထားကို တဒေါ်လာလျှင် ရ၅၀ ကျပ်အဖြစ် အစိုးရက တရားဝင် သတ်မှတ် မည်ဟူသော ကောလာဟလနှင့် အတူ ရန်ကုန်တွင် ဒေါ်လာစျေး ထပ်မံ ကျဆင်းသွားပြီး ရ၈၀ ကျပ်သာ စျေးပေါက်တော့သည်။
လွန်ခဲ့သည့် တလခန့်အထိ တဒေါ်လာလျှင် ကျပ် ၈၃၀ ဝန်းကျင်ဖြင့် စျေးငြိမ်ခဲ့ရာမှာ ရ၈၀ ကျပ်သို့ကျဆင်း လာခဲ့ခြင်း ဖြစ်သည်။
“၇၅၀ တရားဝင် ပြောင်းမယ်လို့ ကျနော်တို့လည်း ကြားတာပေါ့။ ၂ ရက်လောက်ရှိပြီ။ အဲဒီကတည်းက တအိအိ ဆင်းနေတာ တောက်လျှောက်ပဲ။ ငွေစျေးကို ချနိုင်သမျှ ချနေတာလို့ ထင်တယ်” ဟုတာမွေမြို့ နယ်မှ ဒေါ်လာ ရောင်းဝယ်သူ တဦးက မဇ္စျိမကို ပြောသည်။
မှောင်ခိုဖြစ်သော်လည်း လူအများ မှီခိုအားထားရသော ငွေလဲလုပ်ငန်း လုပ်သူများအတွက် ဒေါ်လာလာရောင်း သူက အဆမတန် ပိုများနေသည်က စျေးထပ်ကျမည့် လက္ခဏာဟု ပြောသည်။
တရားဝင် နိုင်ငံခြား ငွေလဲနှုန်းကို တိုးမြှင့်ရေးကို အစိုးရအဖွဲ့ကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အကြား ပြောဆိုနေကြသည်။
လက်ရှိ အသုံးပြုနေသော အစိုးရ၏ တရားဝင် နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ် ဖြစ်ကာ၊ လွန်ခဲ့သည့် နှစ် ၄၀ ခန့်ကတည်းက အသုံးပြုလာသော နှုန်းထား ဖြစ်သည်။
သို့သော်လည်း ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုကတော့ တရားဝင် သတ်မှတ်မည် ဆိုသော ကောလာဟလထက် ဒေါ်လာများ စျေးကွက်ထဲ ပိုမို ဝင်ရောက်လာနေခြင်းကြောင့်ဟု ပြောသည်။
“အခုက ကုန်စျေးနှုန်း မကျဘဲ တချို့ဟာတွေဆိုရင် ဆက်တက်နေတယ်။ ဒါက ပုံစံ မမှန်ဘူးလေ။ ဗမာငွေ တန်ဖိုးတက်တာ မဟုတ်ဘဲ ဗမာငွေ ရှားသွားတာ။ အစိုးရက တခုပြီးတခု ချရောင်းပေးနေတဲ့ အခါကျတော့ လေလံအတွက် ငွေသွင်းဖို့ရှိတဲ့ ဒေါ်လာတွေ ထုတ်ရောင်းနေတော့ ပိုက်ဆံရှားလာတဲ့ သဘောပဲ” ဟု သူက ဆိုသည်။
၅ နှစ်တာအတွင်း ဒေါ်လာစျေး အနိမ့်ဆုံးဖြစ်နေခြင်းက သွင်းကုန် ထုတ်ကုန် လုပ်ငန်းများအတွက် မချောမွေ့နိုင်ကြောင်း သူက ပြောသည်။