ခြံလုပ်သားများ ပေါ်တာဆွဲခံရ

ခြံလုပ်သားများ ပေါ်တာဆွဲခံရ
by -
မင်းတော်လဝီ

မင်းတော်လဝီ – နယ်စပ် ဘုရားသုံးဆူမြို့သို့ တက် လာသည့် ခမရ ၅၆၃ က မေလ ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်၊ ဘုရားသုံးဆူ အနောက်ဘက် ၈ မိုင် ခန့် ကျုံကွီးရွာ အရောက်တွင် ဥယျာဉ်ခြံလုပ်ကိုင် နေသည့် ရွာသားများကိုပေါ်တာအဖြစ် ဖမ်းခေါ် သွား ခဲ့သည်။

“ကျနော်က ခြံထဲမှာ အလုပ်လုပ်တဲ့အချိန်၊ ဘကြီးက ထမင်းချက်နေတဲ့အချိန်မှာ စစ်သားတွေက ချောင်းပြီး ကျနော်တို့ကို ဖမ်းလိုက်တယ်” ဟု အဖမ်းခံရာမှ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၈ နှစ်အရွယ်ရှိ ကျံုကွီးရွာသားတဦးက ပြောသည်။

ပေါ်တာအထမ်းသမား ၁၀ ဦးကို အုပ်စု သုံးစု ခွဲပြီး ၄ ဦးကို ကျံုကွီးရွာနှင့် မယ်ကသာရွာသို့ တောလမ်းမှ သွားရန် ဓါးကိုယ်စီဖြင့် တောရှင်းခိုင်းကြောင်း၊ ကျန် ၆ ဦးမှ ၃ ဦးစီကို စစ်ကြောင်း၏ အလယ်နှင့် နောက်မှ ထားကာ တပ်ရိက္ခာကို ထမ်းခိုင်းကြောင်း၊ အထမ်းသမားများကို ရိုင်းပြစွာ ဆဲရေး တိုင်းထွာပြီး ထွက်ပြေးပါက ပစ်သတ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ပြန်လွတ်လာသူက ပြောသည်။

အဖမ်းခံရသူများကို (၁၅ ကီလို၀င်) ဆန်တပုံးစီ ထမ်းခိုင်းပြီး မထမ်းနိုင် လမ်းမလျှောက်နိုင်သည့် အသက် ရ၂ နှင့် အသက် ၆၀ အရွယ် လူကြီး နှစ်ဦးကို လမ်းခုလပ်တွင် ပြန်လွှတ်ပေးခဲ့သည်။

စစ်ကြောင်း သွားရာ လမ်းကြောင်းမှ အသက် ၈ ခန့် ကလေးငယ်တဦးကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်သွားခဲ့ပြီး ကလေး၏ မိခင်က ငိုယိုကာ ဖခင်နှင့် လူစားလဲမှ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သူက ပြောသည်။

ဘုရားသုံးဆူမြို့နယ် ကျံုကွီးရွာနှင့် မယ်ကသာရွာကြား ဆင်တဲရွာအနီးတွင် ခမရ (၅၆၃) စစ်ကြောင်းနှင့် ကေအင်ယူ လက်နက်ကိုင်အဖွဲ့ (ကေအင်အယ်အေ) တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစုံတရာထိ ခိုက်ဒဏ်ရာရ ရှိခြင်း မရှိကြောင်း သိရသည်။

“ည ၁၀ နာရီခွဲမှ မယ်ကသာရွာကို ရောက်တယ်။ ည ၁၁ နာရီမှာ နှစ်ယောက်တတွဲ ပြန်လွှတ်တယ်။ ကျနော်က နောက်ဆုံးမှ လွတ်တယ်။ ဒီသတင်းကို အပြင်ကို မပေါက်စေနဲ့လို့ကျနော်တို့ကိုခြိမ်းခြောက် လိုက်သေးတယ်” ဟု ပြန်လွတ်လာသူက ပြောသည်။

ပေါ်တာအဖြစ် ဖမ်းဆီးသွားသော လူများကို ပေါ်တာကြေး အဖြစ် အခငွေကြေး တစုံတရာ ပေးခြင်း မရှိ သည့်ပြင် အဖမ်းခံရသူတဦး၏ လက်ကိုင်ဖုန်းကိုလည်း စစ်တပ်မှ သိမ်းယူခဲ့သေးသည်ဟု သူက ပြောသည်။

ဘုရားသုံးဆူမြို့နယ် ကျုံကွီးရွာသို့ ရောက်ရှိလာသည့် ခမရ ၅၆၃ စစ်ကြောင်း ၁ မှာ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဖြစ်သည်။