ဒီစကားက အင်အားတစ်စုံတစ်ရာရှိတဲ့တိုင်းရင်းသား အပစ်ရပ်အင်အားစုတွေရဲ့လောလောဆယ်အခြေ အနေ ကို အနီးစပ်ဆုံး ဖော် ပြနိုင်တဲ့အနေအထားရှိ ပါတယ်။
အခြေအနေက ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုလည်း တိတိပပ မရောက်သေးသလိုလက်နက်ကိုင်တိုက်ပွဲ တွေလည်း ပီပီပြင်ပြင် ပြန်မဖြစ်သေးတဲ့ တိုးလို့တန်းလန်း (ယာယီ)အခြေအနေမျိုး ဖြစ်ပါတယ်။ မကြာခင် ဆပ်ပြာပူဖေါင်းပမာ ပါးလွှလှတဲ့ အဲဒီ ယာယီ အခြေအနေဟာ အခြားသော အခြေအနေတစ်ရပ်ဆီသို့ ပြောင်းလဲသွားရတော့မှာပါ။ ဘယ်လိုပုံစံနဲ့ ဘယ်သူ့ဘက်ကနေ စတင် ပြောင်းလဲမှာလည်းဆိုတာကို ကျနော်တို့ စောင့်ကြည့်ကြရမှာပါ။
တိုင်းရင်းသားအပစ်ရပ် အင်အားစုတွေဘက်က ပြောရရင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံ”၊ “နယ်ခြား စောင့်တပ်ဖွဲ့ (BGF) အဖြစ် အသွင်ပြောင်း” ဆိုတာမှာ ဘက်နှစ်ဖက်စလုံးကနေ နစ်နာဆုံးရှုံးရတဲ့ဘဝ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ကို အလိုမတူဘဲ လက်ခံရတဲ့အတွက် နိုင်ငံရေးအရ အရှုံးကြီးရှုံးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈မှာ တိုင်းရင်းသားတွေ တစ်လျှောက်လုံး တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့“တန်းတူေ ရးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး” အာမခံ ချက် လုံးဝ မပါရှိပါဘူး။ (နိုင်ငံရေးပါတီ ထောင်ခွင့်ရပါ စေဦး) လူမျိုးရေး နိုင်ငံရေးအဆင့်နေရာ ကင်းမဲ့သွားရတဲ့အရှုံး ဖြစ်ပါတယ်။ ဒါ က အရှုံးရဲ့ ပထမဘက် ဖြစ်ပါတယ်။
ဒုတိယဘက်က နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသွင်ပြောင်းလိုက်တဲ့အခါမှာ စစ်ဘက်နဲ့နယ်မြေအုပ်ချုပ် မှုကို လုံးဝ လက် လွတ်ဆုံးရှုံးရမယ်။ ဘဏ္ဍာရေးပင်စည် အလှဲခံရပါမယ်။ မိမိတည်ရှိမှုနဲ့ လုံခြံုမှုဟာအကြီး အကျယ် စိန်ခေါ်ခံရမယ့် ဘဝကို ကျ ရောက်သွားမယ်။ ဒါကြောင့် ဒီလမ်းကြောင်းကို ဘယ်သူက စိတ်ချလက်ချ ရွေးမှာလဲ။ ဒါက အရှုံးရဲ့ ဒုတိယဘက်ဖြစ်ပါတယ်။
“ဦးသိန်းစိန် အစိုးရ”ကလည်း ဒီအခြေအနေကို ဒီတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး။“ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်”ထဲကနေ ပြောင်းလဲသွားအောင် အနှေးနဲ့အမြန်ဆိုသလို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ် တယ်လို့ ဦးသိန်းစိန်တို့ အစိုးရတစ်ဖွဲ့လုံးကကျမ်းသစ္စာဆို ထားပြီးသား မဟုတ်လား။
ဒီတော့ ဘက်နှစ်ဖက်စလုံးကနေ နစ်နာဆုံးရှုံးရမယ့် လမ်းကြောင်းကို တိုင်းရင်းသားအပစ်အရပ်တွေက ကျေကျေနပ်နပ်ကြီး လက်ခံ ပြောင်းလဲပါ့မလား။ လက်မခံခဲ့ရင်။ လက်ရှိနေမြဲအတိုင်း “ဦးသိန်းစိန်အစိုးရ”က ဆက်ပြီး လက်ခံပါ့မလား။ ဘယ်လောက် အတိုင်း အတာအထိ လက်ခံမှာလဲ။ ပြည်နယ်တစ်ခု၊ နှစ်ခု ဒါမှမဟုတ် ပြည်နယ်အချို့ကို အရေးပေါ်အခြေအနေ “ကွက်ကြေညာ”ကာ စစ် ရေးနည်းနဲ့ဖြေရှင်းမလာနိုင် ဘူးလား။ အခြေခံဥပဒေထဲမှာ စစ်တပ်က တစ်နိုင်လုံးကိုသော်လည်းကောင်း နိုင်ငံတော်ရဲ့ ဒေသအစိတ် အပိုင်း တစ်ခုခုကိုသော်လည်းကောင်း ကွက်ပြီး အာဏာသိမ်းနိုင်ခွင့်ရှိတယ်လေ။
ဒီလိုဖြေရှင်းမယ်ဆိုခဲ့ရင် (နအဖ) စစ်အစိုးရလက်ထက်က ကြွားလုံးထုတ်ခဲ့တဲ့ “ဘယ်ခေတ် ဘယ်ကာလမှ မရရှိခဲ့ဖူးတဲ့ ငြိမ်းချမ်း ရေး”လည်း “ဦးသိန်းစိန် အစိုးရ”လက်ထက်ကျမှသူ့ရဲ့ဆပ်ပြာပူဖေါင်းဇာတိရုပ် ပေါ်လွင် လာပါလိမ့်မယ်။
ဒီနေရာထည့်သွင်းစဉ်းစားနိုင်ဖို့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမယ်ဆိုတဲ့ကြေညာချက်ထုတ်ပြန်ချိန် ကနေ လွှတ်တော် အစည်း အဝေးတွေ ကျင်းပပြီးစီးချိန်အထိ”ကာလအတွင်းမှာ သတိပြုမိတဲ့အချက်တစ်ခုကို တင်ပြချင်ပါတယ်။
သက်ဆိုင်ရာ တိုင်းရင်းသားအပစ်ရပ် အဖွဲ့စည်းတစ်ခုကိုဖြစ်စေ၊ အဲဒီ အဖွဲ့အစည်းဝင်လူပုဂ္ဂိုလ်တစ်ဦးချင်း ကိုဖြစ်စေ “နယ်ခြားစောင့် တပ်ဖွဲ့(BGF)အဖြစ် အသွင်မပြောင်းရင် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် (လုံးဝ) မပြုဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကို စာနဲ့ ရေးသားထုတ်ပြန်မထားပါဘူး။ ဒါပေမယ့်အဲဒီအချက် ကို ရွေးကောက်ပွဲကော်မရှင်က အခြေခံမူတစ်ရပ်အဖြစ် တိတိကျကျ ကျင့်သုံးခဲ့ပါတယ်။ ( KIO/KSPP နဲ့ ဒေါက်တာတူးဂျာတို့ကိစ္စကိုကြည့်ပါ )
ယခင် (နအဖ)စစ်ကောင်စီဝင် ဗိုလ်တင်အေးက ယခုအခါ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်နေပါတယ်။ ဒါတွေဟာ အကွက်ချ စီမံထားတာတွေဖြစ်ပါတယ်။
အပစ်ရပ်တွေ/ အပစ်မရပ်သေးတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံ ဖြစ်ပေါ်မလာနိုင်ဘူးလား။
(ဘယ်လိုပုံစံနဲ့ BGF ပြောင်းမလဲဆိုတာမျိုးတော့ စကားပြောရနိုင်ပါတယ်)
ကြည့်မြင်ရသလောက်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲမှာ ဖြစ်နိုင်စရာမရှိဘူးလို့မြင်ပါ တယ်။
“ဦးသိန်းစိန်အစိုးရ”က “တွေ့ဆုံဆွေးနွေးရေး”ဆိုတာကိုလည်း အခြေခံဥပဒေဘောင်အပြင်က ကိစ္စအဖြစ် သတ်မှတ်ထားပုံ ရပါ တယ်။ တွေ့ဆုံဆွေးနွေးပါလို့ပြောတိုင်း “လွှတ်တော်”အတွင်းမှာသာ ဆောင်ရွက်ဖို့ ပြောဆိုလေ့ရှိပါတယ်။ အခုတော့ ဒီအပြောကို အကြံပေးတွေ ပါးစပ်ထဲ ထည့်ထားလိုက်ပါပြီ။ ပူပူနွေးနွေး အကြံပေးတွေက ဗီဂျေးနမ်းဗီးယား (Mr. Vijay Nambir) ကို ပြောလိုက် ပြီးပါပြီ။
ဒါကြောင့် “တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ”တွေနဲ့ ပတ်သက်လာရင် “ဦးသိန်းစိန်အစိုးရ”အနေနဲ့ (လုံးဝ) လက်မခံ နိုင်တဲ့မူတွေအဖြစ် သတ်မှတ်ထားပြီးသားဖြစ်မယ်လို့ ယူဆရပါတယ်။
ဒီလိုပြောရတာကလည်း အချက်အလက်မဲ့ သွားပုပ်လေလွင့်ပြောရတာ မဟုတ်ပါဘူး။ပူပူနွေးနွေးအကြံပေး တွေ ပြောလိုက်တဲ့ စကားတွေနဲ့ ပြီးစီးသွားတဲ့ လွှတ်တော်ထဲက ဖြစ်ရပ်တွေကို သာဓကပြုပြီးပြောတာဖြစ်ပါ တယ်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)က ဦးဗညာအောင်မိုးရဲ့ “ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအ တွက် ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” အဆိုဟာ “လွှတ်တော်”ထဲတောင် မရောက်လိုက်ရပါဘူး။ ဆွေး နွေးရန် သင့်/မသင့်ဆိုတဲ့ အဆင့်မှာတင်ပဲကျဆုံး သွားပါတယ်။
ပြည်နယ်တစ်ခုချင်း အလိုက်ကွက်ပြီးတင်ပြတဲ့ မေးခွန်းတွေနဲ့ပတ်သက်လို့လဲ “ဆက်လက်တာဝန်ယူမည့် အစိုးရသစ်အနေဖြင့် ကရင်ပြည်နယ်၌ ငြိမ်းချမ်းရေး အပြည့်အဝရရန်အတွက် ငြိမ်းချမ်းရေး တံခါးဖွင့်ထားပြီး အခြေခံဥပဒေနှင့်အညီ ဆက်လက် ဆောင် ရွက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း”ဆိုပြီး “လွှတ်တော်”ထဲမှာ အဖြေပေးခဲ့ပြီး ဖြစ်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်တာပဲဖြစ်ဖြစ်”/ “နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အဖြစ်အသွင် ပြောင်း”တာပါလို့ပဲပြော ပြော အဲဒီလို လိုက်ပါဆောင်ရွက်မယ်ဆိုရင်တော့ ဘက်နှစ်ဖက်ကနေနစ်နာရှုံးရ မယ်လို့ ကျနော်တင်ပြခဲ့ပါတယ်။
အပစ်ရပ် တိုင်းရင်းသားအင်အားစုတွေပဲဖြစ်ဖြစ်/ ဆက်လက်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေပဲဖြစ်ဖြစ် ဝေဖန်စဉ်းစားကြဖို့ ဖြစ်ပါ တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေလည်းရှိနေပြီ၊ လွှတ်တော်လည်းရှိနေပြီ၊ စစ်မဖြစ်နိုင်ဘူးလို့မထင်မြင်ကြစေချင်ပါ ဘူး။ပြည်တွင်းစစ်ကို စတိုက်ကြစဉ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ရှိပါတယ်။ပါလီမန်လွှတ်တော် လည်း ရှိပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလို့ အခြေခံဥပဒေနဲ့အညီစစ်တိုက်ရပါတယ်လို့ အာဏာရ အုပ်စိုးသူတွေက ပြောပါလိမ့်မယ်။