အင်တာနက်ဆိုင်များ လိုင်စင် ပြန်လျှောက်ရမည်

အင်တာနက်ဆိုင်များ လိုင်စင် ပြန်လျှောက်ရမည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ နိုင်ငံတဝှမ်းအများ ပြည်သူသုံး အင်တာနက်ဆိုင် PAC လိုင်စင်အားလုံး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT သို့ အသစ်ပြန် လျှောက်ရတော့မည်ဟု MPT တာဝန်ရှိသူ တဦးနှင့် ရန်ကုန် အင်တာနက်ဆိုင်များ အဆိုအရ သိရသည်။

ယခင်က PAC လိုင်စင်များကို မြန်မာအင်ဖိုတက်ခ်နှင့် ရတနာပုံ တယ်လီပို့တွင် အသစ်လဲလှယ်၊ လျှောက်ခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က လွှဲပြောင်းရယူခဲ့ပြီးနောက် ဧပြီ ၂၅ရက်နေ့ မှစ၍ ရက် ၃ဝ အတွင်း ပြုလုပ်ရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် PAC ဆိုင်အချို့မှာ အဆိုပါ အကြောင်းကြားစာအား ယခုထိတိုင် မရကြသေးပေ။

intercyber2သတ်မှတ်ရက် ကျော်လွန်ပါက တလလျှင် ကျပ် ၃ သောင်းနှင့် ရက်ပေါင်း ၉ဝ ကျော်အထိ လိုင်စင်ကြေးနှင့် နှစ်စဉ်ကြေး မပေးသွင်းပါက လုပ်ငန်းလိုင်စင် ပျယ်ပြယ်မည့်အပြင် လိုင်စင်ပျောက်ဆုံး၊ ပျက်စီးပါက မူရင်းခွဲ (Duplicate) လိုင်စင်အတွက် ကျပ် ၃ သောင်း ကျသင့်မည်ဟု ရေးသားဖော်ပြထားသည်။

ထို့ပြင် MPT ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ပြီး၊ တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း ဆိုထားသည်။

“လိုင်စင် လဲရမယ်ဗျ။ အကုန်လုံး လဲရမယ်။ မြန်မာအင်ဖိုတက်ခ်ကနေ ဆက်သွယ်ရေးက ပြန်ယူတဲ့အတွက် ပြန်လဲတဲ့ သဘောပါ” ဟု နေပြည်တော် MPT မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

လိုင်စင်ကြေးများကို နေပြည်တော်နှင့် ရန်ကုန်တိုင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ပေးသွင်းနိုင်ပြီး၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်မူ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အခြေစိုက်စခန်း (စာတိုက်) များက ဆောင်ရွက်ပေးနေသည်။

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ အင်တာနက်ပိုင်ရှင်တဦးက “ လိုင်စင်အသစ်တွေကို သတ်မှတ်ထားတဲ့ ရက် ၃ဝ အတွင်း လာလဲဖို့ဆိုတာပဲ ပြောထားတယ်။ ၄ လပိုင်း ၂၅ ရက်နေ့ကစပြီးတော့ ..” ဟု မဇ္စျိမကို ပြောသည်။

သို့သော် လိုင်စင်သက်တမ်း ကုန်သွားပြီဖြစ်သော်လည်း MPT ၏ အကြောင်းကြားစာ မရသေးသည့်အတွက် လိုင်စင် သက်တမ်းမတိုးဘဲ ဆက်လက်လုပ်ကိုင်နေသည့် ကွန်ပြူတာဆိုင်များလည်း ရန်ကုန်တွင်ရှိနေသေး သည်။

ယခုလို ပြောင်းလဲလုပ်ကိုင်လာပြီးနောက် ပေးသွင်းရသည့် လိုင်စင်ကြေးများမှာလည်း အပြောင်းအလဲ ရှိသည်။

ယခင်က ကနဦးတပ်ဆင်ခ ကျပ် ၅ သိန်း၊ နှစ်စဉ်ကြေး တလလျှင် ၅ သောင်းနှုန်းဖြင့် တနှစ်စာ ၆ သိန်း
ပေးဆောင်ခဲ့ရသော်လည်း ယခု MPT လက်ထက်တွင်မူ တပ်ဆင်ခ ၅ သိန်း၊ နှစ်စဉ်ကြေး တလလျှင် ၃ သောင်းဖြင့် တနှစ်စာ ၃ သိန်း ၆ သောင်းသာ ပေးဆောင်ရတော့မည်။

၂ဝ၁၁ ဖေဖော်ဝါရီလကုန် စာရင်းများအရ မြန်မာအင်ဖိုတက်ခ်၌ မှတ်ပုံတင်ထားသော PAC ပေါင်း ၈ဝ၂ ခုရှိပြီး၊ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်နှင့် ပြင်ပ၌ ၅၈၄၊ မန္တလေး၌ ၂၁ ခုနှင့် အခြားမြို့များတွင် ၁၉၇ ခု ရှိသည်။

PAC များအနေဖြင့် သုံးစွဲသူများ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူး လက်မှတ်နံပါတ်များ၊ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များကို မှတ်ပုံတင် ထားရှိရမည်ဖြစ်ပြီး မှတ်တမ်း များကို တလ တကြိမ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်သည်။

ထို့ပြင် MPT မှ တားမြစ်ထားသည့် ဆော့ဖ်ဝဲလ်များ၊ ပရိုဂရမ်များကို အသုံးမပြုနိုင်ရန် စီမံဆောင်ရွက်ထားရ မည်ဖြစ်ပြီး ဆိုင်အတွင်း လိုအပ်သလို ဝင်ရောက်စစ်ဆေးမှုပြုခြင်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

MPT က PAC လိုင်စင်လုပ်ငန်းများကို ပြောင်းလဲတာဝန်ယူလုပ်ကိုင်ပြီး မေလဆန်းအတွင်းကလည်းအင်တာ နက် ဆိုင်များ၌ Floppy Drive, CD Drive, USB Port နှင့် အခြား External Drive များတပ်ဆင်ထား ခြင်း၊ အသုံးပြုခြင်း မပြုရန် တားမြစ်ခဲ့သေးသည်။

PAC များအနေဖြင့် နိုင်ငံတော်လုံခြံုရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့် သတင်းအချက်အလက်များကို  ပေါက်ကြားမှု မရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ချိုးဖောက်ပါက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ အရ အရေးယူခံရမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

မြန်မာနိုင်ငံတွင် ကွန်ပြူတာသုံးစွဲသူများကို အီလက်ထရောနစ်အက်ဥပဒေ ၃၃ (က) ဖြင့် တရားစွဲဆိုထောင်ချ လေ့ရှိပြီး အမြင့်ဆုံး ၁၅ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သည်။ ယင်းဥပဒေဖြင့် အကျဉ်းကျခံရသူများတွင် ဘလော့ဂ်ဂါ နေဘုန်းလတ်၊ လူရွှင်တော်ဇာဂနာတို့ ပါဝင်ပြီး စုစုပေါင်း ၄ဝ ဦးကျော်ရှိသည်ဟုထိုင်းနိုင်ငံအခြေ စိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B အဆိုအရ သိရသည်။

အစိုးရသစ်တက်လာပြီး ရက်ပိုင်းအတွင်းကလည်း တောင်ဒဂုံ သွေးအကူအညီပေးရေးအဖွဲ့ကို ကူညီနေသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဖမ်းဆီးခဲ့ပြီး ယင်းဥပဒေဖြင့်ပင် တရားစွဲဆိုထားသည်။

Most read this week