SSA နှစ်ဖွဲ့ ပူးပေါင်းသည်ကို သျှမ်းပြည်သူများ ဝမ်းမြောက်ကြိုဆို

SSA နှစ်ဖွဲ့ ပူးပေါင်းသည်ကို သျှမ်းပြည်သူများ ဝမ်းမြောက်ကြိုဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) တို့ တစ်ဖွဲ့တည်းအဖြစ်ပူးပေါင်းသွားသည် ကို သျှမ်းပြည်သူအတော်များများဝမ်းမြောက်ကြိုဆို ကြ ကြောင်း သိရှိရ ပါသည်။

“သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့ ပူးပေါင်းတာ ကောင်းပါတယ်။ သူတို့ကို ရေရှည်လက်တွဲ သွားစေချင်တယ်။ သျှမ်းပြည် မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး လွတ်လပ်တဲ့အထိပေါ့” ဟု သျှမ်းဘုန်းကြီးတစ်ပါးကပြောပါ သည်။

သျှမ်းပြည် တိုင်းရင်းသားအားလုံး ကမ္ဘာတဝှမ်း  အသိအမှတ်ပြုထားသည့် အခြေခံ လူ့အခွင့်အရေးများ ရရှိသည် အထိ သျှမ်းပြည်တပ်မတော်က ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထင်မြင်ကြောင်း ၎င်းက သုံးသပ်ပါသည်။ သျှမ်းပြည် မြောက်ပိုင်းမှ ကုန်သည်တစ်ဦးကမူ SSA နှစ်ဖွဲ့ ပူးပေါင်းသွားခြင်းမှာ သျှမ်းပြည်သူတို့၏ ဆန္ဒပြည့်ဝ သွားခြင်းဖြစ်သည်ဟု ပြောပါသည်။
Press_con_ference
“ဝမ်းသာတယ်ဗျ။ တစ်ဖွဲ့တည်းဖြစ်သွားတော့ ဘာလုပ်လုပ် လွယ်ကူ မြန်ဆန်တယ်။ ဒါက အဓိကသော့ချက် ဘဲ။ သျှမ်း ပြည်သူတွေရဲ့ ဆန္ဒလဲ ပြည့်ဝသွားတာပေါ့။ လွန်ခဲ့တဲ့ ၆ လလောက်က ဒီနှစ်ဖွဲ့ ပူးပေါင်းဖို့ ပြည်သူ့ ဆန္ဒ ကောက်ခံတဲ့ စစ်တမ်း အရှေ့ပိုင်း၊ တောင်ပိုင်းကနေ မြောက်ပိုင်းကို ရောက်လာတယ်။ထောက်ခံတယ် သဘောတူ တယ်ဆိုရင် လက်မှတ်တဲ့။ ကျနော်လဲ လက်မှတ်ထိုးလိုက်တယ်”

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ၌ သျှမ်းပြည်သူများ၏ ထောက်ခံမဲ ရရှိခဲ့ပြီး ပြည်နယ်အစိုးရတွင်လည်း ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၏ အမြင်ကို ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ သတင်းဘဲ ကြားတာ။ အဲဒီအကြောင်း ဘာမှမသိဘူး။ အဆက်အသွယ်လဲ မရှိဘူး။ ဒါကြောင့်ဘာမှမပြောနိုင် ဘူး” ဟု ပြောရေးဆိုခွင့်ရှိသူ စိုင်းလှကျော်က ဖြေကြားသွားသည်။

သျှမ်းလူမျိုး တက္ကသိုလ် ကျောင်းသူတစ်ဦးက “သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တောင်ပိုင်း ပူးပေါင်းသွား တာ ကောင်းပါတယ်။ အစိုးရစစ်တပ်က ရှမ်းပြည် ကျေးလက် ဒေသ အမျိုးသမီးတွေကို အတင်း အဓမ္မ ပြုကျင့် တာ၊ ပြည်သူတွေကို အနိုင်ကျင့်တာတွေ မရှိအောင် မဖြစ်အောင် သျှမ်းတပ်က ကာကွယ်ပေးစေချင်ပါတယ်”  ဟု သူမ၏ ဆန္ဒကို ထုတ်ဖော်ပြောသည်။

“စည်းလုံးခြင်းသည် အင်အား”ဆိုသည့်အတိုင်း တစ်ကွဲတစ်ပြားရှိနေမည့်အစား အတူတူ ပူးတွဲလုပ်ဆောင်ခြင်းက ပိုမိုအကျိုးရှိ ထိရောက်မည်ဖြစ်ကြောင်း၊ အစိုးရစစ်တပ်များကလည်း လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်မည် မဟုတ် ကြောင်း” သျှမ်းပြည်တောင်ပိုင်းမှ သျှမ်းလူငယ်တစ်ဦးက ပြောပါသည်။

ပညာရေးနှင့်ပတ်သက်သည့် အဖွဲ့အစည်းတစ်ခုမှ သျှမ်းလူငယ်တစ်ဦးကလည်း “သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့ ပူးပေါင်းသွားပြီဆိုတော့ ဒါဟာ တောင်ပိုင်းလား၊ မြောက်ပိုင်းလား ဆိုပြီးတော့ သျှမ်း ပြည်သူတွေ တွေဝေစရာ မလိုတော့ဘူးပေါ့” ဟု ပြောသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် မြောက်ပိုင်း ပူးပေါင်းသွားသည်မှာ အင်မတန် ဝမ်းသာစရာ သတင်း ကောင်း တစ် ခုဖြစ်ကြောင်း အသက် ၃၁ နှစ်ရှိ အိမ်ရှင်မတစ်ဦးကလည်း ပြောပါသည်။

“ပူးပေါင်းတယ်ဆိုတာ လွယ်လွယ်နဲ့ ဖြစ်မလာနိုင်တဲ့ စည်းလုံးမှု တစ်ခုဖြစ်ပါတယ်။ အိမ်ရှင်မအနေနဲ့ကျမတို့ သားကို စစ်သား မကောက်ဖို့ဘဲ လိုလားပါတယ်။ အစိုးရစစ်တပ်ဆိုတဲ့အမျိုးက သူများကောင်းစားရင် သူတို့ မလိုလားဘူး။ ဒီတော့ သူတို့နောက်ဆုတ်မဲ့ပုံ မပေါ်ဘူး။ အဓိကက ပြည်သူ့စစ်တွေဘဲ။ ပြည်သူ့စစ်တွေမျိုးချစ် စိတ်မရှိရင်၊ ကိုယ့်လူမျိုး ကို သစ္စာဖောက်ရင် ပြည်တွင်းစစ်မီးငြိမ်းမယ့်လမ်း မရှိဘူး။ သျှမ်းပြည်မှာပြည်သူ့စစ် မပါရင် ဗမာစစ်တပ်ဆိုတာ ငကန်းတွေဘဲ”

မေ ၂၁ ရက်၌ ကျရောက်သည့် ၅၃ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင်သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) ခေါင်းဆောင် ဒုဗိုလ်မှူးကြီး ယွက်စစ်ကသျှမ်းပြည် တပ်မတော် မြောက် ပိုင်းနှင့် တောင်ပိုင်း တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းလိုက်ကြောင်း ကြေငြာခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ တိုင်းရင်းသား များ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ သုံးသပ်ပြောဆိုသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။