တာ့ဆန်းရေကာတာစီမံကိန်းမှ တရုတ်အင်္ဂျင်နီယာ ၄ ယောက် ပျောက်ဆုံးမှုနှင့်ပါတ်သက်၍ သျှမ်းပြည် တပ်မတော် ခေါင်းဆောင်က‘အိမ်ရှင်ကိုအသိ မပေးရင် ဧည့်သည်ဒုက္ခရောက်နေတာ အလွယ် တကူ မကူညီ နိုင်ဘူး’ ဟု ပြောဆိုလိုက်သည်။
ယခုလ ၁၇ ရက်နေ့က တရုတ်အင်္ဂျင်နီယာများ သံလွင်မြစ်ကြောအတွင်း ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း တရုတ်ပြည် ဆစ်ဆောင်ပန်းနားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမှတရုတ်အာဏာပိုင်များ တိုက်ရိုက်သော်လည်းကောင်း၊ လော ဖက် မှ အာဏာပိုင်များမှ တဆင့် သော်လည်းကောင်း၊ ဖမ်းဆီးသွားသည့်လက်သည်မှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင် သော SSA တပ်ဖွဲ့ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ၎င်းတို့တပ်ဖွဲ့ နှင့်ကူညီဆက်သွယ်စုံစမ်းပေး ကြရန် သတင်းလွှင့်ထား ကြောင်း ထိုင်းနယ်စပ်လုံခြုံရေးအရာရှိများကပြောသည်။
“ ကူညီစုံစမ်းပေးနိုင်ရင် ထိုက်တန်တဲ့ ဆုပေးမယ်လို့တောင်ပြောတယ်” ဟု ၎င်းကပြောသည်။
သို့သော် သျှမ်းပြည်တပ်မတော်ဖက်က ၎င်းတို့လက်ချက်မဟုတ်ရကြောင်း ငြင်းဆန်ပြောဆိုခဲ့ပြီး- အကယ်၍ ရေကာ တာတည်ဆောက်ရေး ကုမ္မဏီကမိမိတို့အားတိုက်ရိုက်ဆက်သွယ် အကြောင်းကြားခဲ့ပါကတတ်စွမ်း သရွေ့ ကူညီ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ ကျနော်တို့ဒေသခံသျှမ်းပြည်သူတွေက အိမ်ရှင်လေ။ တရုတ် နဲ့ ဗမာအာဏာပိုင်တွေကဧည့်သည်တွေမဟုတ် လား။ ကိုယ့်အိမ်မှာ လာတည်း တဲ့ဧည့်သည်၊ စီးပွါးရေးလာလုပ်နေတဲ့ဧည့်သည်က အိမ်ရှင်ကို အသိမပေး အကြောင်း မကြား မဆက် သွယ်ရင် သူတို့ ဒုက္ခရောက်နေတာကိုအိမ်ရှင်ကဘယ်လိုလုပ်ကူညီနိုင်မလဲ။အနည်း ဆုံး ကျနော်တို့ကိုတိုက် ရိုက် ဆက်သွယ်မေးမြန်းသင့်တယ်။ ကျနော်တို့ ကူညီစုံစမ်းပေးမှာပေါ့။ဒါပေမယ့် သူတို့ပျောက် သွားတဲ့နေရာက ဗမာ စစ်တပ်အပါအဝင် ပြည်သူ့စစ်တွေ၊တခြားလက်နက်ကိုင်အဖွဲ့တွေ အများကြီး ရှိ တာကြောင့် သူတို့လူ ပြန်ရစေ ရမယ် လို့တော့ တပ်အပ်မပြောနိုင်ဘူး”
“ဒါပေမယ့် ကျနော်တို့တပ်ဖွဲ့ကတော့ ဘာဘဲလုပ်လုပ် တိုင်တမ်းလာတဲ့သူမရှိရင် တိုက်ရိုက်သွားရောက် ပြဿနာ ကိုင်တွယ်ဖြေရှင်းလေ့မရှိဘူး။ အထောက်အထားတွေနဲ့ တိုင်တမ်းစာတွေ ဘာတွေ ဆိုရင်တော့ ထိထိရောက် ဖြေရှင်း ပေးလေ့ရှိတယ်” ဟုပြောဆိုသည်။
အဆိုပါ တရုတ်အင်္ဂျင်နီယာ ၄ ယောက်မှာ စက်လှေတစီး နှင့် ဘာသာပြန်တယောက် ငှား၍ သံလွင်မြစ်ညာသို့ ဆန် တက်သွားပြီး၊ ညနေပိုင်းပြန်မရောက်သည်နှင့် ကုမ္မဏီထပ်မံ လူလွတ် ရှာဖွေရာတွင်လည်း အဆိုပါလူများ ပါ ထပ်မံ အဖမ်းခံရ သဖြင့် နောက်ဆုံးစုစုပေါင်း ၈ ယောက်ဖြစ်သွားသည်ဟု သိရသည်။
“ ပြန်လာတာ ၄ ယောက်ဘဲလေ။ ဘာသာပြန် ၁ ယောက် စက်လှေသမားက ၃ ယောက်။ အဲ့လှေသမားတွေ ကလဲ တာ့ဆန်းတံတားမှာနေတဲ့ ဗမာ လူမျိုးတွေချည်းဘဲ။ ၁၈ ရက်နေ့က တာ့ဆာလားကိုရောက်လာတဲ့ ပုံပါကျင်က ဗျူဟာ မှူးဗိုလ်မှူးကြီးထွန်းထွန်းညီ အဲ့ဒီစက်လှေသမားတွေနဲ့တောင်သွားတွေ့သေးတယ်ဆိုဘဲ။ အဲ့တရုတ်တွေက ပိုက်ဆံရှိ တယ်၊ ချမ်းသာတယ်ဆိုတာ ဗမာစစ်သားတွေအပါအဝင် လားဟူပြည်သူ့စစ်တွေလဲ ကောင်းကောင်းသိ တယ်၊ သူတို့ လက်ချက် မဟုတ်ဘူး လို့ ဘယ်သူပြောနိုင်မလဲ၊သူတို့အကွက်ချလုပ်တာလဲဖြစ် နိုင်တယ်” ဟု နယ်စပ်ရောက် မိုင်းတုံ ဒေသခံတဦးကလည်း ပြောသည်။
၁၈ ရက်နေ့တွင်ပြန်ရောက်လာသော လမ်းပြနှင့်စက်လှေသမားများ ပြန်လည်ပြောပြချက်အရ လက်နက်ကိုင် တပ်ဖွဲ့ က တယောက် ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးရန် မှာလာကြောင်း သိရသည်။