နယူးဒေလီ (မဇ္စျိမ) ။ ။ချင်းပြည်နယ် မြို့တော် ဟားခါးတွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲ လုပ်ဆောင်ခဲ့သဖြင့် အဆိုပါ လုပ်အားပေးကိစ္စများ လျော့ကျသွားမည်ဟု မျှော်လင့် ထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO အရာရှိ စတိဗ်မာ ရှယ်လ် Steve Marshall က ပြောသည်။
ရန်ကုန်ရှိ ILO ဌာနကိုယ်စားလှယ် မစ္စတာ စတိဗ်မာရှယ်လ်ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မေလ ၁၈ ရက်နေ့တွင် ဟားခါးသို့ တရက်ကြာ သွားရောက်ခဲ့ကာ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုအဓမ္မလုပ်အား ပေးကိစ္စ ပညာပေးဆွေးနွေးခဲ့သည်။
“အားလုံး ၁၆ဝ ကျော်တယ်။ အားလုံးနီးပါးကအစိုးရဌာနတွေကပါ။ မြို့နယ်ကနေ ပြည်နယ်အဆင့်ထိ ပါတယ်။ ရဲနဲ့ စစ်တပ်က တာဝန်ရှိသူတွေ၊ တရားသူကြီးတွေနဲ့ တရားရေးဝန်ထမ်းတွေလည်းပါတယ်။ချင်းပြည် နယ် ဝန်ကြီးဌာနတွေက လူတွေပေါ့။ … ပညာပေးလုပ်ငန်းတွေ လုပ်ပြီးတဲ့နောက်ပိုင်း နောက်လာမယ့် အစီရင်ခံစာတွေမှာ တစုံတရာ တိုးတက်ပြောင်းလဲမယ်၊ လုပ်အားပေးကိစ္စ လျော့ကျသွားမယ်လို့မျှော်လင့်ပါ တယ်” ဟု မစ္စတာ စတိဗ်မာရှယ်လ်က မဇ္စျိမကို ပြောသည်။
ချင်းပြည်နယ်တွင်း အိမ်ထောင်စု ၉ဝ ရာခိုင်နှုန်းကျော်မှာ အဓမ္မလုပ်အားပေး ခိုင်းစေခံနေရကြောင်း အမေရိကန် အခြေစိုက် Physicans for Human Rights (PHR) အဖွဲ့၏ ၂ဝ၁၁ ဇန်နဝါရီထုတ် လူ့အခွင့်အရေး အစီရင်ခံစာ၌ ပါရှိပြီးနောက် ILO ၏ ယခုခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
PHR သည် ချင်းပြည်နယ် ၉ မြို့နယ်ရှိ အိမ်ထောင်စုများကို အခြေခံကာ ၂ဝ၁ဝ ခုနှစ်အတွင်းစစ်တမ်းကောက် ယူခဲ့ပြီး၊ စစ်တပ်က ပေါ်တာဆွဲခြင်း၊ လမ်းဖောက်ရာတွင် လုပ်ခမပေးဘဲ ခိုင်းစေခံရခြင်းကို အများဆုံး တွေ့ရသည်ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဆိုထားသည်။
အစီရင်ခံစာအား ၁၉၉၇ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် လူ့အခွင့်အရေးအဖွဲ့ PHR နှင့်အတူူ ဂျွန်ဟော့ပ်ကင်း ဘလွန်းဘက်ခ် Johns Hopkin ပြည်သူ့ကျန်းမာရေးကျောင်းရှိ လူ့အခွင့်အရေးနှင့် ပြည်သူ့ ကျန်းမာရေးဌာနက ပူးတွဲပြုစုခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ “သွားရတဲ့ အကြောင်း ၂ ချက် ရှိပါတယ်။ ILO နဲ့ အစိုးရကြားမှာ တနိုင်ငံလုံးမှာ ပညာပေးလုပ်ငန်းတွေလုပ်ဖို့ သဘောတူထားချက် ရှိတယ်။ ဒီလှုပ်ရှားမှုတွေ ချင်းပြည်နယ်မှာ မလုပ်ရသေးဘူး။
နောက်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ တော်တော်များများ ရထားတာကြောင့် ပါပဲ။ တရားဝင်တိုင်စာ ၄၊ ၅ ခုထက် မနည်းပါဘူး။ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်တဲ့ တခြားအချက်လက် တွေလည်း ရထားတယ်” ဟု ILO အရာရှိက ပြောသည်။
ပညာပေးဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခဲ့ခြင်း မရှိသော်လည်း တဦးချင်းတွေ့ဆုံမှုများ လည်း ရှိခဲ့သည်။
ပြည်ပ အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကမူ ILO အနေနှင့် ဟားခါးသာမက နယ်စပ်ရှိစစ်တပ်များ နှင့် လူထုကို ပညာပေးရန် လိုအပ်နေပြီး၊ နောက်ဆက်တွဲ အရေးယူမှုများပါ ဆောင်ရွက်သင့်ကြောင်းပြော သည်။
“ရုတ်တရက်ကြီး တိုးတက်ပြောင်းလဲလာမယ်လို့ အယုံအကြည် မရှိပါဘူး။ ILO ကလည်း တခါရောက်လာ တာနဲ့ ပြောရုံပဲ ရှိသေးတာ။ လက်တွေ့အကောင်အထည် ဖော်လားဆိုတာ စောင့်ကြည့်ရမှာပါ။ ILO ကို ဖြစ်စေချင်တာက ဟားခါးတင် မကဘဲ၊ နယ်စပ်တွေမှာ တပ်စွဲထားတဲ့ တပ်တွေမှာပါ၊ အာဏာပိုင်တင်မကဘဲ လူထုကိုပါ ပညာပေးစေချင်တယ်” ဟု CHRO ၏ စီမံကိန်းဒါရိုက်တာ ဇအုပ်လင်း Za Uk ling က မဇ္စျိမကို ပြောသည်။
ကြွက်သောင်းကျန်းမှုကြောင့် စားနပ်ရိက္ခာ ရှားပါးနေသည့် ချင်းပြည်နယ်တွင် အဓမ္မခိုင်းစေမှုများကြောင့် တောင်ယာ အဓိကလုပ်ကိုင်သည့် လူထုအတွက် စားဝတ်နေရေး အခက်တွေ့စေသည်ဟု သူက ဆိုသည်။
လူဦးရေ ၅ သိန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်များ တိုးချဲ့လာခဲ့ရာ တပ်ရင်း ၁၄ ရင်းအထိ ရှိလာခဲ့ပြီး စစ်စခန်း ၅၄ ခု ရှိကြောင်း CHRO အဆိုအရ သိရသည်။