NLD ပါတီဝင် ၁၆ ဦး ပြန်လွတ်လာ

NLD ပါတီဝင် ၁၆ ဦး ပြန်လွတ်လာ
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်တနှစ် လျှော့ပေးသဖြင့် အကျဉ်းထောင် ၅ ခုမှ ပြန်လွတ်လာသည့် ပါတီဝင် ၁၆ ဦးရှိနေပြီဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြား ရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။

ပြန်လွတ်လာသူများမှာ ဦးကျော်ဆန်း (စစ်ကိုင်းတိုင်း လွှတ်တော်အမတ်)၊ ကိုဘိုဘိုထွန်း၊ ကိုအောင်ကြီး၊ ကိုထွေးသိန်း၊ ကိုညီညီအောင်၊ ကိုမြသန်းထိုက်၊ ဦးကြည်ဖြူ၊ ဦးကျင်လှိုင်၊ ကိုဇင်လင်းအောင်၊ ကိုရဲမင်းဦး၊ ကိုမျိုးသန့်၊ ကိုကိုလတ်၊ ကိုအေးမြင့်၊ ဒေါ်နော်အုန်းလှ၊ မမိမိလေး (ခ) မိမိနှင့် မမာမာအေးတို့ ဖြစ်သည်။

၎င်းတို့မှာ အင်းစိန်၊ တောင်ငူ၊ ပေါင်းတည်၊ ဘားအံနှင့် မြစ်ကြီးနား ထောင်များမှဖြစ်ကြောင်း  ဦးအုန်းကြိုင်က ပြောဆိုသည်။

ဤသည်မှာ မြန်မာစံတော်ချိန် ညနေ ၄ နာရီအထိ ရန်ကုန် ဗဟိုရုံးချုပ်သို့ အနယ်နယ်အရပ်ရပ်ရှိ ပါတီဝင်များ ပေးပို့လာသည့် စာရင်းများအရ သိရခြင်း ဖြစ်သည်။

နိုင်ငံတဝှန်း အကျဉ်းထောင်များတွင် ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းကျခံနေသည့် NLD ပါတီဝင်ပေါင်းမှာ ၂၀၀ ခန့် ရှိသည်ဟု ဆိုသည်။

တနိုင်ငံလုံးရှိ အကျဉ်းထောင်ပေါင်း ၄၂ ခုမှ အကျဉ်းသား ၁၄၆၀၀ လွှတ်ပေးကြောင်း အင်းစိန်အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အင်္ဂါနေ့ မနက်တွင် သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ အင်းစိန်ထောင်မှနေ၍ ၂၅ဝဝ ကျော် ပြန်လွှတ်မည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူပေါင်း ၂၀၆၁ ဦး ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ စာရင်းများအရ သိရသည်။

Most read this week