မူစယ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တရုတ် - မြန်မာနယ်စပ်ဆင်ဖြူဂိတ် အနီးရှိ တက်ခမ်း ဟော်တည်အား ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါဟော်တည်၌ လောင်းကစားဝိုင်းဖွင့်လှစ်ထားသည် ဆိုသည့် သတင်းအရ ရှာဖွေခြင်း ဖြစ်သော်လည်း လောင်းက စားဝိုင်း ဖမ်းဆီးရမိမှု မရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဆင်ဖြူဂိတ်နားက ကျယ်ဂေါင်နဲ့မူစယ် ခြံစည်းရိုးကျော်တဲ့ ခိုးပေါက်လို့ခေါ်တာပေါ့နော်။ အဲဒီနားမှာ တက်ခမ်း ဟော်တည်ရှိတယ် ။ မနေ့က ၂ နာရီလောက်မှာ ဝင်ရှာတာပေါ့။ လောင်းကစားဝိုင်းဖွင့်တယ်လို့ ကြားတာပဲ။ အခုသူတို့ဝင်ဖမ်းတော့ ဘာမှ မမိဘူး ဖြစ်နေတာ”ဟု သူက ဆိုသည်။
မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးအား လောင်းကစားဝိုင်းကိစ္စနှင့်ပတ်သက်၍တိုင်ကြား ထားသည့် အပေါ် ယခုလ ၁၀ ရက်နေ့က စစ်ဆေးမှုပြုလုပ်အပြီး မူစယ်မြို့၌ လောင်းကစားဝိုင်းဖမ်းဆီးမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဟော်တည်အား ဝ သူဌေးတစ်ဦး ပိုင်ဆိုင်ပြီး အစောင့် ၄ ၊ ၅ ယောက် ခန့်ထားရှိ၍ ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ယခု လောင်းကစားဝိုင်းများ ဖမ်းမမိခြင်းမှာ ကြိုတင် တိမ်းရှောင်သွားသောကြောင့် ဖြစ်နိုင်ကြောင်း သူက ဆိုသည်။
“ဝ သူဌေးပိုင်ဆိုတော့ နိုင်ငံရေးအရများ လုပ်သလားတော့မသိဘူး။တကယ်ဖမ်းမယ်ဆိုရင်ပန်းဆေးကျော်မြင့် တို့ ပြည်သူ့ စစ်အဖွဲ့လည်း ဖွင့်ထားတာပဲ။ အဲဒီလောင်းကစားဝိုင်းတွေတော့ ဖမ်းတာမကြားဘူး” ဟုဆို သည်။
တရုတ် - မြန်မာနယ်စပ် မျဉ်းတစ်လျှောက် မြန်မာဘက်အခြမ်းတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားရှိပြီး တရုတ်လူမျိုး အများစု လာရောက်ကစားကြကြောင်း သိရသည်။