ကာလကတ္တားထောင် အကျဉ်းထောင်ထဲမှ ရခိုင်- ကရင် ၃၄ ဦး လွှတ်မြောက်ရေး သေချာ ရေရာခြင်း မရှိဘဲ

ကာလကတ္တားထောင် အကျဉ်းထောင်ထဲမှ ရခိုင်- ကရင် ၃၄ ဦး လွှတ်မြောက်ရေး သေချာ ရေရာခြင်း မရှိဘဲ
by -
နိရဥ္စရာ သတင်းဌာန

အိန္ဒိယ နိုင်ငံ ကာလကတ္တား အကျဉ်းထောင်ထဲမှ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၄ ဦးမှာ ထောင်သက် တမ်း စေ့သွားပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ သူတို့လွှတ်မြောက်ရေးမှာ မရေရာ မသေချာဘဲ ဖြစ်နေသဖြင့် သူတို့ အပေါ် စေတနာ ထားသူများက အထူး အားမလို အားမရ ဖြစ်နေ ကြောင်း သတင်း ရရှိသည်။

34-comrades-footballer

ကာလကတ္တားမှ သူတို့အမူကို လိုက်ပါ ကူညီနေသူ တစ်ဦးက " သူတို့က ထောင်လည်း ကျခံပြီးပြီ။ သူတို့ အတွက် တရားရုံးက စီရင်ထားတဲ့ ငွေဒဏ်ကိုလည်း အကျေ ပေးထားပြီးပြီ။ဒါပေမယ့်သူတို့လွှတ်မြောက် ရေး နဲ့ ပတ်သက်ပြီး ရေရာတဲ့ စကားမျိုး အိန္ဒိယ အစိုးရဆီက မကြားရသေးဘူး။ ဒါကြောင့် သူတို့ လွှတ်မြောက်ရေးဟာ သောင်မတင် ရေမကျ ဖြစ်နေပါတယ်" ဟု ပြောသည်။

သူတို့အား ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုသင့် မပြုသင့် လူတွေ့ စစ်ဆေးသည်မှာ သုံးလ ကျော်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

" လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကဆိုရင် ယူအန်က စစ်ဆေးတာ သုံးလ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အခု ဒီမှာ ဖြစ်နေတဲ့ သတင်းက သူတို့ကို ယူအန်က တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဆိုပီး သတင်းတွေထွက်နေ ပါတယ်။ ဒါပေမယ့် ထောင်ထဲက လူတွေကိုတော့ တရားဝင် အကြောင်းကြားစာတွေ မရောက်သေးဘူးလို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

သူတို့၏ ထောင်သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်ပြီး သူတို့အား ပြန်လည် မလွှတ်ပေးသေးဘဲထောင်ထဲ တွင် ဆက်လက် ထိန်းသိမ်းထားခြင်းမှာ လူ့အခွင့်အရေး ရှုဒေါင့်မှကြည့်လျှင် အကြီးအကျယ်လူ့အခွင့် အရေး ချိုးဖေါက်ခံရရာ ရောက်နေကြောင်း သူက ထောက်ပြ ပြောဆိုသည်။

ထောင်က အပြီးအပိုင် လွှတ်ပေးရတော့မည် ဖြစ်သော်လည်း အိန္ဒိယ အစိုးရမှ ပြန်လည် လွှတ်မပေးဘဲ ယခုကဲ့သို့ ပျက်ကွက်နေမူကြောင့် အိန္ဒိယ အစိုးရ၏ လုပ်ရပ် အပေါ် စိတ်မရှည်သူများ တိုးပွားလာနေ ကြောင်း သိရသည်။

ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီမှ စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ ဦးအောင်သိန်းနိုင်က သူတို့ကို ယခုကဲ့သို့ မလွတ်ပေးခြင်း အပေါ် သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

" အိန္ဒိယ အစိုးရ ရခိုင်ပြည်က ထွက်တဲ့ ဂတ်စ် အပါအဝင် သဘာဝ သယံဇာတတွေကို လိုချင်တယ်။ ဒီလို လိုချင်တဲ့ အတွက် ဗမာ အစိုးရရဲ့ ဖိအားကို မလွန်ဆန်နိုင်ဘူး။ ဒါကြောင့် သူတို့ ၃၄ ဦးကို ခုအချိန်ထိ မလွှတ်ပေးသေးတာ ဖြစ်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

( သူတို့၏ နောက်ဆုံး ဖြစ်စဉ် အကျဉ်း)

အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်ထဲတွင် ၁၂ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသော ရခိုင်နှင့်ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ကာလကတ္တား တရားရုံးတစ်ခုမှ ဇူလိုင်လ ၁၂ ရက်နေ့က ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်သည်။

သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁နှစ် သုံးလ နှင့် ဒဏ်ငွေ ရူပီ ၂၀ဝဝ၊ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ)ဖြင့် ထောင် တနှစ် သုံးလနှင့် ဒဏ်ငွေ ၂၀ဝဝ နှင့် လက်နက်မူ တခု ပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂၀ဝဝ ချမှတ်ခဲ့သည်။

၎င်းပြင် သူတို့ အနေဖြင့် ဒဏ်ငွေများ မပေးဆောင်ပါက နောက်ထပ် ထောင် ၈ လထိ ကျခံရမည်ဆို သဖြင့် ဒဏ်ငွေများ အားလုံးကို သူတို့က တလ ကြာပြီးနောက် အားလုံးကို ပေးဆာင်ခဲ့သည်။

သူတို့အမူအား တရားသူကြီး Uday Chandra Nag က စီရင်ချက် ချမှတ်ခဲ့သည်။ သူတို့ ၃၄ ဦးအား အိန္ဒိယ စစ်ထောက်လှမ်းရေး စီဘီအိုင်မှ လက်နက်မှောင်ခိုမှု၊ ပေါက်ကွဲ စေတတ်သောပစ္စည်းများ လက်ဝယ်ထားမှုနှင့် နိုင်ငံခြားသားမှုများဖြင့် တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံ ရခိုင်နှင့်ကရင် တော်လှန်ရေးသမား ၃၄ ဦးမှာ ဗိုလ်ရာဇာနှင့်အတူ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းရှိ လန်းဖေါ့ကျွန်းတွင် အိန္ဒိယ စစ်တပ်နှင့်သဘောတူညီမှုအရ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလက ရေတပ်စခန်းတည်ဆောက်ရန်လာစဉ် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

သူတို့နှင့်အတူ ပါလာသူ ဗိုလ်ရာဇာ၊ ဗိုလ်စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင်၊ ဖဒိုမူးလွယ်နှင့်ဗိုလ်စော မြင့်တို့ကိုမှု အိန္ဒိယ စစ်တပ်က သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်မှစပြီးရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို အန်ဒမန်ကျွန်းရှိ ပေါဘာလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ၈ နှစ်ကြာ ချုပ်နှောင်ထားခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင်မှလူ့အခွင့်အရေး လူပ်ရှား သူများ၏ ကြိုးပမ်းမှုကြောင့် ပေါ့ဘာလေးယား အကျဉ်းထောင်မှ ကာလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ အမှုကို ကြားနာ စစ်ဆေးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင်မှ အမှုကို အပြီးသတ် စီရင်ချက်ချမှတ်ကာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

Most read this week