တာချီလိတ် ခရိုင်ရဲစခန်း အနီး ဗမာအမျိုးသမီး ပစ်သတ်ခံရ

တာချီလိတ် ခရိုင်ရဲစခန်း အနီး ဗမာအမျိုးသမီး ပစ်သတ်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့ခရိုင်ရဲစခန်း အနီး နေထိုင်သည့်မြေစာရင်းရုံးဝန်ထမ်းတဦး၏ ဇနီးအား ယခုလဆန်း က အမည်မသိသေနတ် သမားတစုက အိမ်အတွင်းဝင်ရောက်ပစ်သတ်ခဲ့ ကြောင်းနယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“ဒေါ်မငွေတဲ့။ အသက် ၄၀ ကျော်လောက်ရှိမယ်။ သားသမီး ၂ ယောက်ရှိတယ်။ ၆ ရက်နေ့ ည ရ နာရီအချိန်က အမည်မသိလက်နက်ကိုင် ၂ ယောက်က သူ့အိမ်ထဲဝင်လာပြီး ပစ်ခတ်တာ ပွဲချင်းပြီးသေတယ်။ တာချီလိတ် ဗျူဟာ ကတော့ ပုလိပ်တွေကို ဆင့်ဆိုထားတယ်။ အမြန်ဆုံးလက်သည်ရအောင်ရှာရမယ်တဲ့” ဟု တာချီလိတ် မြို့ မယ်ခေါင် ရပ်ကွက်သူ တဦးကပြောသည်။

အဆိုပါ ဒေါ်မငွေသည် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းနှင့် ဝင်ထွက်ဆက်ဆံနိုင်သူတဦးဖြစ်ပြီးရွှေတြိဂံ နယ်မြေ၌ လှုပ်ရှားနေသော နော်ခမ်း အဖွဲ့နှင့် မြန်မာ့ရဲတပ်ဖွဲ့တို့အကြားဆက်သွယ်ညှိနှိုင်းပေးသလည်း ဖြစ်ကြောင်း၎င်း နှင့်ရင်းနှီးသူများကပြောဆိုကြသည်။

ထို့ပြင် ဝ တပ်ဖွဲ့ အဆက်အသွယ်ကုန်သည်များ၏ သတင်းအချက်အလက်ကိုလည်း မြန်မာအာဏာပိုင်များထံ ပေးပို့ လေ့ရှိ သောကြောင့် ယခုလက်သည်မှာ ကုန်သည်အသိုင်းအဝိုင်းက ဖြစ်နိုင်ကြောင်း အချို့ကသုံးသပ် ကြသည်။

"ပြီးခဲ့တဲ့ဖေဖော်ဝါရီက  လွမ်းဇိုင်းရွာပြည်သူ့စစ်ခေါင်းဆောင် စိုင်းနွန်း တိုက်ခိုက်ပစ်ခတ်ခံရတုန်းကလဲ ဒေါ်မငွေ လက်ချက် မကင်းဘူးလို့တောင်ပြောနေကြတယ်။ သူက လည်တယ်။ လျင်တယ်။ ဗမာပြည်က အမျိုးသမီးငယ် အယောက် ၃၀ လောက်လဲ ဖြားရောင်းခေါ်ဆောင်ကျွေးမွေးထားတယ်။ ပြည့်တန်ဆာခေါင်းပေါ့။ ထိုင်းတွေ ဖှရန်(နိုင်ငံခြားသား)တွေ မကြာခဏ သွားအားပေးတယ်" ဟု ၎င်းနှင့် ရင်းနှီးသည့် မယ်ခေါင်ဒေသခံ အမျိုးသမီး တဦးနောက်တဦးက ပြောပြပါသည်။

အသတ်ခံရသူ ဒေါ်မငွေမှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်ပြီး ဗမာအမျိုးသမီးဖြစ်သော်ငြား သျှမ်းစကားလည်းပြောတတ်ကြောင်း၊ ၎င်း၏ နေအိမ်မှာ ခရိုင်ရဲစခန်းနှင့်မီတာ ၂၀၀ အကွာတွင်သာရှိကြောင်း သိရပါသည်။