မြန်မာ့အရေး ပြောပေးရန် ဘရိုက်တန်သို့ ဒေါ်စု အမှာပို့

မြန်မာ့အရေး ပြောပေးရန် ဘရိုက်တန်သို့ ဒေါ်စု အမှာပို့
by -
ဂျင်အင်ဒရူး

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့အရေးပြောကြားပေးပါ ရန် ဗြိတိန်တွင် မေလ ရ ရက်နေ့တွင်စတင်ကျင်းပ မည့် ဘရိုက်တန် ခေတ်ပေါ်အနုပညာပွဲတော်သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အမှာစကား ပေးပို့လိုက်သည်။

လန်ဒန်မြို့တောင်ဘက် ကမ်းခြေအပန်းဖြေမြို့ ဘရိုက်တန်တွင် မေလ ရ ရက်မှ ၂၉ ရက်နေ့အထိဘရိုက် တန်ပွဲတော် ၂ဝ၁၁ ကို ကျင်းပသွားမည်ဖြစ်ရာ ဧည့်ဒါရိုက်တာအဖြစ် ဖိတ်ကြားခံထားရသော်လည်း ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုအမှာစကား ပေးပို့ခဲ့ခြင်း ဖြစ်သည်။

BF11“ကျမတို့နိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင် ရှင်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို အသုံးပြုပြီးပြောပေး ကြပါ။ ကိုယ်ပြောချင်တာကို ပြောခွင့်မရတဲ့ အကြောင်းတွေကို ပြောပေးကြပါ” ဟု ပွဲတော် တက်ရောက်သူများထံ ပေးပို့သော သူ၏ဗီဒီယို အမှာစကားတွင် တိုက်တွန်းထားသည်။

ယခုနှစ် ပွဲစီစဉ်သူများက လွတ်လပ်စွာပြောဆိုခွင့်၊ လူ့အခွင့်အရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေးအကြောင်း ဟောပြောရန် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“လူထုကို ဘယ်လိုမနာကျင်စေတာ၊ ဘယ်သူ့ကိုမှ ဘယ်ကိစ္စအတွက်မှ မတော်မတရားမစွပ်စွဲ တာ၊ကိုယ့် တိုင်းပြည် မှာ ဘယ်လိုဖြစ်စေချင် တယ်ဆိုတာကို ဘယ်လို ရိုးရိုးလေးပြောနိုင် တာ၊ကျနော်တို့မျှော်လင့်ချက် တွေက ဘာဆိုတာ ပြောနိုင်တာ၊ ကျနော်တို့ယုံကြည်ချက်ကဘာတွေ ပါ ဆိုတာတွေကို ပြောပေးကြပါ။ကျမတို့ နိုင်ငံမှာ ဒီအခွင့်အရေးတွေ မရကြပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က အမှာစကားတွင် ထည့်သွင်းပြောဆိုသည်။

ထို့အပြင် ‘‘ရှင်တို့လို ဖန်တီးနိုင်စွမ်းရှိသူတွေ၊ ကွဲပြားခြားနားမှုကို နားလည်နိုင်သူတွေဟာအလွန်ထူးခြား သူတွေဖြစ်ပြီး၊ ကျမတို့နိုင်ငံအကြောင်း ကမ္ဘာကသိအောင် လုပ်ရေးမှာ ကူညီနိုင်ကြပါလိမ့်မယ်’’ ဟုလည်း သူက ဆိုသည်။

ဘားမားကင်ပိန်း (ဗြိတိန်) မှ ဒါရိုက်တာ အင်နာရောဘတ်က ‘‘အခုလို မြန်မာ့အရေး၊ လူ့အခွင့်အရေးအကြောင်း တိုက်ပွဲတွေကို လူတွေ အာရုံစိုက်နေကြတဲ့အချိန်၊ အရေးကြီးနေတဲ့ အချိန်မှာ ဒီလိုသြဇာရှိတဲ့အနုပညာပွဲ တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဂုဏ်ပြုတာ သိပ်ကိုကောင်းပါတယ်’’ ဟု ပြောသည်။

ပွဲတော်တွင် မြန်မာ့အရေးပြဿနာများကို အနုပညာပုံစံဖြင့် တင်ပြကြမည်ဖြစ်ရာ ဂီတ၊ ရုပ်ရှင်၊ ပြဇာတ် ဟောပြောပွဲများ ပါဝင်မည်ဖြစ်သည်။

လန်ဒန်အခြေစိုက် မြန်မာပြဇာတ်အဖွဲ့ Burmese Theatre Workshop ၏ မြန်မာ့နိုင်ငံရေးနောက်ခံ ပြဇာတ်သစ် တင်ဆက်မှု၊ ဆူးလွိုက်ရောဘတ်၊ ကရင်လှုပ်ရှားသူ ဇိုယာဖန်း၊ ၁၉၉၅ မှ ၁၉၉၉ ခုနှစ်အထိ မြန်မာပြည် ဗြိတိန်သံအမတ်ဟောင်း ရောဘတ်ဂေါ်ဒန်တို့၏ `မြန်မာ့နိုင်ငံရေး´ ဆွေးနွေးပွဲများ ပါဝင်မည်။

ထို့အပြင် မှတ်တမ်းတင် ရုပ်ရှင်ကားများဖြစ်သော `မြန်မာစစ်သား´ (Burma Soldier) နှင့်`မြန်မာဗီဒီယို သတင်းသမား´ (Burma VJ) ကိုပါ ပြသသွားမည််။

ဂီတနှင့် အနုပညာသည် ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာပြည်နှင့် ခွဲခွါပြီး ဗြိတိန်၊ အမေရိကန်၊ ဘူတန်နှင့် အိန္ဒိယတွင် နေထိုင်ခဲ့ရစဉ် အလွန်အရေးပါခဲ့သည်ဟု အင်နာရောဘတ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စန္ဒရားကို စွဲလန်းစွာ တီးသူဖြစ်သည်။ အနောက်တို်င်း ဂန္ဓဝင်ဂီတကို နှစ်ခြိုက် သူလည်း ဖြစ်သည်။ သို့သော် လန်ဒန် ဂါးဒီးယန်းသတင်းစာနှင့် မကြာခင်က တွေ့ဆုံမေးမြန်းခန်းတခုတွင်မူ ရော့ခ်ဂီတ အဖွဲ့တခုဖြစ်သော Grateful Dead ကိုလည်း သူနှစ်ခြိုက်ကြောင်း ဖွင့်ဟပြောခဲ့သည်။ ဤဂီတအဖွဲ့ကို နားထောင်ရန် သူ့သားတဦးက တိုက်တွန်းခဲ့ကြောင်းလည်း သူက ဆိုသည်။

ထို့ပြင် ဘော့မာလေ၏ ‘Get Up, Stand Up’ ကိုလည်း သူသဘောကျကြောင်း ပြောခဲ့သည်။ ယင်းသီချင်းတွင် `ထကြ၊ မတ်တပ်ရပ်ကြ၊ ကိုယ့်အခွင့်အရေးအတွက် ရင်ဆို်င်ဖြေရှင်းကြ´ ဆိုသည့် စာသားပါသည်။

ယခုအနုပညာပွဲတော်ကို ဂျာမန်ဂီတပညာကျော် ဘီသိုဗင်၏ ‘Fidelio’ သီချင်းဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။

အော်ပရာတွင် Leonore ဆိုသည့် အမျိုးသမီးငယ်က Fideleo အမည်ရှိ အကျဉ်းထောင်စောင့် ဟန်ဆောင်ကာ သူ၏ ခင်ပွန်းကို နိုင်ငံရေး အကျဉ်းထောင်တွင်းမှ ကယ်ထုတ်ကာ သေဘေးမှ ကယ်တင်ခဲ့ပုံကို ရေးဖွဲ့ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရပြီး၊ နေအိမ်အကျယ်ချုပ်ဘဝဖြင့် နှစ်ပေါင်းများစွာ နေခဲ့ရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သာ ရှိမယ်ဆိုရင် ဘယ်လောက် အကျိုးရှိ နိုင်တယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူတွေသာ သိခဲ့မယ်ဆိုရင် ကျမထင်ပါတယ် ကျမတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းတဲ့နေရာမှာ အတော်ခရီးရောက်နေလောက်ပါပြီ’’ ဟုဗီဒီယို ထဲတွင် ပြောဆိုထားသည်။

နိုဘယ်ဆုရှင်က ဆက်ပြီး “ဒီအနုပညာပွဲတော်ကို အခါအခွင့်တရပ်လို့ ကျမတို့ ထင်မြင်ယူဆပါတယ်။ ပွဲတော်ကာလမှာ အမျိုးအစားစုံလင်မှုအတွက်၊ ဖန်တီးမှုအနုပညာအတွက်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆို ခွင့်အတွက် တင်ပြပြောဆိုဖို့ အခါအခွင့်ကောင်းတရပ်လို့ ထင်ပါတယ်။ ဒီလိုလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးနေရတဲ့ မြန်မာပြည်သူတွေအတွက် ဒါဟာ အလွန်အရေးကြီးပါတယ်” ဟု ပြောကြားသည်။

အမေရိကန်အနုပညာရှင် ဂျင်မက်နားလစ် Jim McNalis ထုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်ပန်းပုရုပ်ကို လည်း ယခုပွဲတော်တွင် ပြသထားမည်ဖြစ်သည်။

၂ဝ၁၁ ဘရိုက်တန် အနုပညာပွဲတော်အကြောင်း အသေးစိတ် အချက်အလက်များကို http://www.brightonfestival.org/ တွင် ကြည့်ရှုနိုင်သည်။

Most read this week