နယ်ခြားရှိ ဝ နှင့် မိုင်းလားတပ်အချို့ ယခုလကုန် နောက်ဆုံးထား တပ်ဆုတ်ရန်ရာဇသံပေး

နယ်ခြားရှိ ဝ နှင့် မိုင်းလားတပ်အချို့ ယခုလကုန် နောက်ဆုံးထား တပ်ဆုတ်ရန်ရာဇသံပေး
by -
သျှမ်းသံတော်ဆင့်

ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံးနှင့်လားရှိုး အခြေစိုက် ရမခ စစ်တိုင်းရုံးတို့က ပန်ဆန်း နှင့် မိုင်းလား တပ်ဖွဲ့တို့ အား၎င်းတို့နယ်မြေပြင်ပရှိ တပ်စခန်းများအားလုံး ဧပြီလကုန် နောက်ဆုံး ထားတပ်ဆုတ်ပေးရန် ဖုန်းဆက်ဒက်လိုင်းပေး လိုက် ကြောင်း သျှမ်းပြည်အရှေ့ပိုင်းသတင်းရပ် ကွက်က ဆိုပါသည်။

“ ၂၈ ရက်က လားရှိုး ရမခ စစ်တိုင်းရုံး ဂျီဝမ်း ထွန်းထွန်းညီ က ပန်ဆန်းဌာနချုပ် ဝ တပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကို ဖုန်းဆက်တယ်။ အလားတူ တြိဂံစစ် တိုင်းရုံးက ဂျီဝမ်း ခင်မောင်ထွေးကလည်း မိုင်းလားတပ်ဖွဲ့ရဲ့ ကျိုင်းတုံ ရုံးကို ဖုန်းဆက်တယ်။ သူတို့ထိန်းချုပ်နယ်မြေပြင်ပမှာစိုက်ထားတဲ့ တပ်စခန်းတွေအားလုံး ဧပြီ  ၃၀ ရက် နောက်ဆုံး ထား ၍ အကုန်တပ်ရုတ်ပေးရမယ်တဲ့” ဟု သျှမ်းပြည်အရှေ့ပိုင်းမှ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် တဦးကပြော ပါသည်။
UWSA-001
သတ်မှတ်ရက်၌တပ်မဆုတ်ပေးပါကစစ်ရေးနည်းဖြင့်ဖြေရှင်းရမည်ဖြစ်ကြောင်းပြောဆိုခဲ့သေးသည်ဟုလည်းဆို၏။

“ အရင်တုန်းက အခုလိုဖုန်းဆက်ပြောတာမရှိခဲ့ဖူးဘူး။  စာနဲ့ပေနဲ့ ရုံးလုပ်ငန်းဆန်ဆန်လုပ်တယ်။ ၂၀၁၀ တင်းမာလာ တဲ့နောက်ပိုင်းမှ အခုလိုဘဲ ဖုန်းဆက်လာတာ။ အဆင့်လျှောချဆက်ဆံတဲ့သဘော” ဟု ဝ တပ်မှူး တဦးကလည်းပြောပြ သည်။

ဝ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့တို့အား အကြောင်းပြ တပ်ဆုတ်ခိုင်းသည်မှာ ၁၉၈၉ အပစ်ရပ်စဉ်က သဘော တူညီချက် အတွင်းပါရှိသည့် ‘ တပ်သားသစ်စုဆောင်းခြင်းမပြုရ၊ ထိန်းချုပ်နယ်မြေပြင်ပ၌ စခန်းချတပ်စိုက်ခြင်း မပြုရ’ ဟူသော အချက်များအပါအဝင် အခြား စည်းကမ်းချက်များ   လိုက်နာခြင်းမရှိသဖြင့် - ဟု ဆို၏။

စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံပါမိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေ ပြင်ပဧရိယာမှာ ကျိုင်းတုံအရှေ့မြောက်ဘက် မိုင်းယန်းမြို့နယ်အတွင်းရှိ တပ်မဟာ ၃၆၉ အခြေစိုက် ဆီလူးဒေသ၊ ကျိုင်းတုံအရှေ့တောင်ဘက် မိုင်းယောင်း မြို့နယ်အတွင်းပါဝင်သည့် မွမ့်ပန်နောဝ်တပ်စခန်း၊ ဝမ့်ခိုး၊ ပုံဟက်၊ နှင့် မိုင်းဖှန် တပ်စခန်းများ ပါဝင်သည်။
_NDAA_-_ESS
ဝ တပ်ဖွဲ့ထိန်းချုပ်သည့် ပြင်ပဧရိယာမှာမူ ဝနယ်မြေမြောက်ဘက်ခြမ်းရှိ ဟိုပန်မြို့နယ်၊ ပန်ဝိုင်နယ်မြေအချို့ နှင့် တောင်ဘက်ခြမ်းဖြစ်သည့် မိုင်းယန်းမြို့နယ်အတွင်း  မိုင်းပေါက်အခြေစိုက် တပ်မဟာ ၄၆၈ ထိန်းချုပ် နယ်မြေ မိုင်းဖျဲန် ဟိုတောင်း ဒေသအပြင် တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်နယ်မြေ ပါ ပါဝင်သည်။

“သီးခြားစီနေပြီး ကိုယ်လွတ်ရုံး နေသရွေ့ တနေ့ ခြင်္သေ့ပါးစပ်ထဲရောက်မှာမလွဲ။ အခုလိုအချက်မိတုန်း စုပေါင်း ညီညွတ်မှုရှိသင့်တယ်။ ခြင်္သေ့ပါးစပ်ထဲရောက်မှ နောင်တတရားရရင်ဘာမှမထူးဘူး ” ဟုလည်း ဝ နယ်စပ်နေ သျှမ်း အမျိုးသား တဦးကပြောသည်။

မြန်မာ့ အရေးစောင့်ကြည့်လေ့လာသူ David I Steinberg က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာဖြေရှင်းရာ တွင် အခက်အခဲ ၃ ချက်အနက် ပထမဆုံးအချက်မှာ- တိုင်းရင်းသားများအနေဖြင့် မိမိ ရပိုင်ခွင့် မရသေးသ၍ လက် နက်စွန့်လွတ်မည်မဟုတ်။ အစိုးရစစ်တပ်ဖြစ်စေချင်သော နယ်ခြားစောင့်တပ် လုပ်မည်မဟုတ်။ ထို့ကြောင့် ပြဿနာ  လျော့ပါးသွားမည်မဟုတ်ဘဲ ကြီးထွားလာဖို့သာရှိကြောင်း ယူရေးရှား ရီဗျူး၌ရေးသားဖော်ပြထား သည်။