ကြံ့ဖွ့ံပါတီ ကတိမတည်ဟု ဒေသခံများပြော

ကြံ့ဖွ့ံပါတီ ကတိမတည်ဟု ဒေသခံများပြော
by -
တာကလူး

ကြံ့ဖွံ့ ပါတီသည် ပေးထားသောရွေးကောက် ပွဲကတိကို မတည်ကြောင်း ဒေသခံများက စွပ်စွဲ ပြောကြားလိုက်သည်။

အဆိုုပါ စွပ်စွဲချက်ကို ယမန်နေ့က မောင်တောမြို့နယ် အလယ်သံကျော်တွင် ပြုလုပ်ခဲ့သော လူထု ရှင်းလင်းပွဲ အပြီးတွင် ဒေသခံ မွတ်ဆလင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ သူတို့က ကျွန်တော်တို့ကို လွတ်လပ်စွာ ခရီးသွားခွင့်တွေ ရအောင် လုပ်ပေးမယ်။ နိုင်ငံသား စိစစ်ရေး ကဒ်တွေ လုပ်ပေးမယ်။ ပလီတွေကို ပြင်ခွင့်ရအောင် လုပ်ပေးမယ်။ ခြင်္သေ့ (ချိန်ဟော)ကို ရွှေးကောက်ပွဲမှာ မဲပေးကြပါဆိုပြီး သူတို့က ပြောသွားတယ်။ မနေ့က လူထု ရှင်းလင်းပွဲမှာတော့ ဒီကိစ္စတွေကို ဘာမှ ပြောမသွားဘူး” ဟု လူထု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

ကြ့ံဖွံ့ပါတီသည် ယမန်နေ့က လူထု ရှင်းလင်းပွဲကို အလယ်သံကျော် ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၀၀၀ ခန့်တက်ရောက်နားထောင်ခဲ့သည်ဟု သိရသည်။

“ ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်း ဦးဆောင်ပြီးတော့ မနေ့က နေ့လည် ၂ နာရီ ၀န်းကျင်မှာ အလယ်သံကျော် ဘောလုံးကွင်းမှာ လူထု ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူက မိန်းခွန်းထဲမှာ သူတို့ဟာ အစိုးရပါတီဝင်ဖြစ်လို့ ဒီလို လူထု ရှင်းလင်းပွဲကို လုပ်ခွင့်ရတာ-----၊ ပြီးတော့ ရွာသူရွာသားတွေကို အစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ အညီ လိုက်နာ နေထိုင်ကြပါ။ ဥပဒေ ချိုးဖောက်သူဟာ အရေးယူခံကြရမယ်။ အစိုးရ အနေနဲ့ကလည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်” ဟု သူက ပြောသည်။

နအဖ စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း ၁၉၉၁ ခုနှစ်မှစ၍ မောင်တော ဒေသတွင် မူဆလင် ဘာသာဝင်များ ခရီးသွားလာခွင့်၊ လက်ထပ်ခွင့် နှင့် ဘာသာရေး အဆောက်အဦးများ မွမ်းမံခြင်း (သို့) အသစ်တည်ဆောက်ခြင်း ဆိုင်ရာ ဒေသန္တရ ဥပဒေများကို သက်ဆိုင်ရာမှ ပြဌာန်းထားသည်။

အဆိုပါ ပြဌာန်းချက်များကို မွတ်ဆလင်များက ပယ်ဖျက်လိုနေသည်။

ယမန်နေ့က လူထု ရှင်းလင်းပွဲကို ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်း (ခေါ်) ဇာကီးအာမတ် ဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံများနှင့် အတူ ကြံ့ဖွံ့ပါတီဝင် ၃၀၀ ကျော် တက်ရောက်ခဲ့သည်။ ရှင်းလင်းပွဲကို နေ့ နေ့လည် (၂)နာရီ မှ (၃)နာရီဝန်းကျင်ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Most read this week