အစိုးရပြောင်းသော်လည်း အုပ်ချုပ်ရေး ပုံစံ မပြောင်း၍ ပြည်သူများ မကျေနပ်

အစိုးရပြောင်းသော်လည်း အုပ်ချုပ်ရေး ပုံစံ မပြောင်း၍ ပြည်သူများ မကျေနပ်
by -
နိရဥ္စရာ သတင်းဌာန

အစိုးရ အပြောင်းအလဲ ဖြစ်သွားသော်လည်း အုပ်ချုပ်ရေး စနစ်ကို မပြောင်းသည့် အပြင် ကျေးရွာ ရယက ဥက္ကဌများကို အမည်ပြောင်းပြီး အုပ်ချုပ်ရေးမှူး အဖြစ် ဆက်ခန့်ထားသဖြင့် ပြည်သူများ အထူး မကျေမနပ်ဖြစ်နေကြ ကြောင်း သတင်း ရရှိသည်။

CIMG6822

ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် ယခင် ခန့်အပ်ထားခဲ့သော ရယကများမှာ ကြံ့ခိုင်ရေး ပါတီမှ သူတို့ စိတ်ကြိုက် ခန့်အပ်ထားသူများ ဖြစ်ပြီး လူထု သဘောဖြင့် ရွှေးချယ်ထားသော ရယက အဖွဲ့ဝင်များ မဟုတ်ကြောင်း ကျေးရွာသားများက ပြောသည်။

“ အခု ကျွန်တော်တို့ လူထုတွေ လိုလားနေတာက ကျေးရွာ ဥက္ကဌ အသစ်တွေကို လိုလားနေပါတယ်။ အရင်စနစ်နဲ့ အရင်လူတွေကို မလိုတော့ဘူး။ သူတို့က စစ်အုပ်ချုပ်ရေးတုန်းကတည်းက တက်လာတဲ့ သူတွေ ဖြစ်တဲ့ အတွက် အဲသလို စနစ်မျိုးနဲ့ဘဲ ရွာသားတွေကို ဆက် အုပ်ချုပ်နေတဲ့ အတွက် ရွာတွေမှာ ပြဿနာတွေ တက်နေတာတွေ အများကြီးပါဘဲ” ဟု ပေါက်တောမြို့နယ် ဆင်ပိုက်ရွာသား တစ်ဦးက ပြောသည်။

နအဖ စစ်အုပ်စုမှ ရေးဆွဲ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို ဥပဒေနှင့် အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါရှိသည်။

“ အခု သူတို့ ခန့်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဦးမှ အဲသလို ချမှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတာ မပါဘူး။ သူတို့ဟာ ရပ်ရွာက ကြည်ညိုလေးစားတဲ့ သူတွေလည်း မဟုတ်ဘူး။ အကုန်လုံးက ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေသာ ဖြစ်ကြပါတယ်” ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်မူ ကျေးရွာအုပ်ချုပ်ရေးမှူးများကို လူထုက လေးစားကြည်ညိုပြီး သိက္ခာ သမာဓိရှိသူများကို တာဝန်ပေးအပ်ခြင်း မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို ငွေပေး နိိုင်သူများကိုသာ တာဝန်ပေး ခန့်အပ်နေကြောင်း သတင်း ရရှိသည်။

ရတပ ပါတီ အအတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက “ အခု မင်းပြားမြို့နယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဆက်လုပ်ချင်တဲ့ ရယက ဥက္ကဌတွေဆီက မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဦးကို ကျပ် ၅၀၀၀၀ ကနေ ၃၀၀၀၀၀ ထိ တောင်းခံနေတယ်။ မပေးနိုင်ရင် ဖြုတ်ပစ်မယ်ဆိုတဲ့ အတွက် တောင်းတဲ့ငွေကိုပေးနေရ တယ်လို့ ကြားခဲ့ပါတယ်” ဟု ပြောသည်။

အလားတူ မြေပုံမြို့နယ်မှာလည်း ယခင်က ရယက ဥက္ကဌဟောင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ အဖြစ် ခန့်အပ်နေသဖြင် ကျေးရွာ အတော်များများတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း လွှတ်တော် အမတ် ဦးဖေသန်းက အတည်ပြု ပြောကြားသည်။

Most read this week