နယူးဒေလီ (မဇ္စျိမ) ။ ။ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ရှိနေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့၌ လွှဆွဲလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၁၆ ဦးကို ရဲများက မြို့လယ်စျေးကြီးအတွင်း သောကြာ နေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဒေါ်ရ်ပွီး Dawpuii ရပ်ကွက်ရှိ မြို့လယ်စျေးကြီးတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တဆိုင်၌ တည်းခိုနေသည့် လွှဆွဲလုပ်သား မြန်မာ ၁၆ ဦးကို နေထိုင်ခွင့် အထောက်အထား မရှိသဖြင့် ရဲက ဖမ်းဆီးသွားခြင်းဖြစ်သည်။
“စျေးထဲမှာလည်း ဖြစ်တယ်။ နောက်ပြီး သူတို့တွေကို မြန်မာပြည်သားဆိုတာ တန်းသိနိုင်တယ်။ မြန်မာတွေကို ဖမ်းချင်ရင် စားသောက်ဆိုင်နဲ့ တွဲနေတဲ့ တည်းခိုခန်းတွေမှာ သူတို့က ဝင်ဖမ်းလေ့ရှိတယ်။ ရဲတွေကလည်း ဝင်ဖမ်းတော့ ဘေးနားက ရက်ကန်းရုံက မြန်မာတွေပါ ထွက်ပြေးကုန်ရော” ဟု အိုက်ဇောမြို့မြန်မာလူမှုရေး အသင်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။ အဖမ်းခံရသူ ၁၆ ဦးအနက် ချင်းတိုင်းရင်းသားတီးတိန် ဒေသခံ အများစု ပါဝင်သည်ဟု ဆိုသည်။
Chawlh Hmun ရပ်ကွက်အတွင်းရှိ ကျောက်ထုလုပ်သားများလည်း အဖမ်းခံရကြောင်း ကြားသိရသော်လည်း အရေအတွက် မသိရသေးကြောင်း သူက ဆက်ပြောသည်။
ပြည်နယ်အစိုးရက မြန်မာများကို ရက်သတ္တပတ် နှစ်ပတ်ကြာ တရားဝင် နေထိုင်ခွင့်ကဒ်ဖြင့်နေခွင့်ပေးသော် လည်း ရွှေ့ပြောင်းလုပ်သား မြန်မာအများအပြားသည် ထိုတရားဝင်ကဒ်ဖြင့် နေထိုင်သည်များ နည်းပါးသည်။
တရားမဝင် နေထိုင်သူများကို နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီးပြီး နှစ်နိုင်ငံနယ်စပ်ရှိ တီအိုချောင်းသို့ ပြန်ပို့ကာ နေရပ်ပြန်ခိုင်းသည်များ ရှိသည်။ ၂ဝ၁ဝ သြဂုတ်လတွင် မြန်မာ ၆ဝ ကျော်ကို ဖမ်းဆီးကာ ထိုသို့ပင်ပြန်ပို့ခဲ့ သေးသည်။ မြန်မာများကို ဖမ်းဆီးရာ၌ ရဲများသာမက ပြည်နယ်တွင်း သြဇာရှိသည့် မီဇိုလူငယ်အသင်း YMA က ပူးပေါင်းပါဝင်လေ့ရှိသည်။
မြိုတော်အိုက်ဇောတွင် မြန်မာများကို ဖမ်းဆီးလေ့ရှိသော်လည်း ယခုနှစ်အတွင်း အဖမ်းအဆီးပိုစိတ်လာခြင်း မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၌ မြန်မာနိုင်ငံသားတချို့ ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း အိုက်ဇောရှိ မြန်မာတဦးက ပြောသည်။
“အရင်ကဖမ်းတယ်ဆိုပေမယ့် ရဲကို ငွေပေးပြီး ညှိလို့ရတယ်။ နောက်ပြီး ဖမ်းတာလည်း ပိုပြီး စိတ်လာတယ်။ မြန်မာနိုင်ငံသားထဲမှာ နယ်စပ်ကနေ မူးယစ်ဆေးဝါးတွေသယ်ပြီး ဒီမှာ ရောင်းတဲ့ သူတွေကိုမိလာပြီးနောက် ပိုင်း ပိုပြီးတော့ ကျပ်လာတယ်။ ဒီနှစ်ဆို ၄ ခါလောက်ရှိပြီ၊ ဖမ်းနေတာ” ဟု သူက ဆိုသည်။
အိုက်ဇောတွင် မြန်မာနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သော မူးယစ်ဆေးဝါးအမှု ၆ဝ ခန့်ရှိကြောင်း အိုက်ဇော မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန၏ ၂ဝ၁ဝ ခုနှစ် သြဂုတ်လထုတ် စာရင်းများအရ သိရသည်။
ချင်းပြည်နယ်နှင့် ကီလိုမီတာ ၄ဝဝ ကျော် နယ်နမိတ် ဆက်စပ်နေသည့် မီဇိုရမ်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၅ သောင်းထက်မနည်း ရှိနေ သည်ဟုခန့်မှန်းကာ ချင်းတိုင်းရင်းသား အများဆုံးဖြစ်သည်။
အများစုမှာ ရက်ကန်း၊ ပန်းတိမ်၊ ကားဝပ်ရှော့ပ်၊ စားသောက်ဆိုင်၊ လမ်းပြင်လမ်းဖောက်နှင့် စျေးသည် လုပ်ငန်း အပါအဝင် လုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။