တာတမံများ ပြန်တည်ဆောက်ရန် လေဘေးသင့် ပြည်သူများထံမှ ငွေကောက်

တာတမံများ ပြန်တည်ဆောက်ရန် လေဘေးသင့် ပြည်သူများထံမှ ငွေကောက်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဂီရိ မုန်တိုင်း အတွင်းက ပြိုပျက်သွားသော တာတမံများ ပြန် လည် တည်ဆောက်ရန် အတွက် သက်ဆိုင်ရာမှ လေဘေးသင့် ပြည်သူများထံမှ ငွေကောက် ခံနေ ကြောင်း သိရသည်။

“ အခု ကောက်နေတာက ယခင်ရယက တဖြစ်လဲ အုပ်ချုပ်ရေးမှူးတွေ ကောက်နေတာ ဖြစ်ပါတယ်။ တဧကကို ကျပ် ၃၀၀၀ နုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။ ကျောက်ဖြူ တောင်ဘက်ပိုင်း ဒေသတွေမှာ ဖြစ်ပါတယ်” ဟု တောင်ရင်း ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။

ယခု ငွေကောက်ခံနေရ ကျေးရွာများမှာ တောင်ရင်းအုပ်စု တောင်ရင်းရွာ၊ ကယင်တောရွာ၊ ကုလာဘာ တောင်ရွာ၊ပြင်ဖြူရွာနှင့် ငလပွေ့ကျေးရွာများဖြစ်ပြီး ၄င်းနည်းတူ တခြားဂီရိသင့် ဒေသတို့တွင်လည်း တာတမံများ ပြန်လည် ဆည်ဖို့ရန် အရပ်သားများထံမှ ငွေကောက်ခံနေမူများ ရှိနေကြောင်း သိရသည်။

သူက “ ဒီလ အစောပိုင်းကနေ ပျက်စီးသွားတဲ့တာတမံတွေ ပြန်ဆောက်ဖို့ဆိုပြီး တဧကကို ကျပ် ၃၀၀၀ စီကောက်ခံပါတယ်။ လူတွေဒီလောက် ဒုက္ခရောက်နေတဲ့ ကြားထဲမှာ တဧကကို သုံးထောင် ပေးရမယ်ဆိုတာ သာမန်ကိစ္စ မဟုတ်ဘူး။ လည်ပင်ကိုဓါးသွား မထက်တဲ့ဓါးနဲ့ မသေမရှင် လှီးနေတဲ့ သဘော ဖြစ်ပါတယ်“ ဟု နိရဥ္စရာသို့ ဆက်ပြောသည်။

ရခိုင်ပြည်နယ် အတွင်ရှိ ဂီရိ မုန်တိုင်းသင့် ဒေသတွင် တာတမံ အများအပြား မုန်တိုင်း တိုက်ခတ်စဉ် အတွင်း ကျိုးပျက်သွားပြီး အများစုမှာ အခုအချိန်ထိ ပြန်လည် ဆည်ဖို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သို့အတွက် ယခုလာမည့် မိုးရာသီတွင် တာတမံများ အချိန်မှီ မပြီးစီးနိုင်ပါက စပါးများ ပြန်လည် စိုက်ပျိုးနိုင်မည်မဟုတ် သဖြင့် လူထု အတွင်း စိုးရိမ်မူများ တိုးပွားနေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူးများက လယ်ပိုင်ရှင်များထံမှ ငွေကောက်ပြီး ဆည်ဖို့ရန် စီစဉ်လာခြင်း ဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သော လက်ရှိ အစိုးရမှ သတင်းစာများတွင် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့် ဒေသများတွင် တာတမံအများအပြား ပြန်လည်ဆည်ဖို့ထားပြီ ဖြစ်ကြောင်း ကျေညာသော်လည်း အဆိုပါ ကျေညာချက်မှာ လက်တွေ့နှင့် များစွာ ကွာခြားနေကြောင်း မြေပုံမြို့နယ် ကျီးခေါင်းတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

“ စီမံကိန်း လာနေပြီလို့သာ ကြားရပါတယ်။ ကျွန်တော်တို့ ဒေသမှာ တာတမံ အများစုက ပြန်မဆည်ဖို့ ရသေးဘူး။ ဆည်ထားတဲ့ တာတမံ တစ်ချို့ ရှိပါတယ်။ ဒါကလည်း အစိုးရ ဆည်တာ မဟုတ်ပါဘူး။ လူထုတွေ အားနဲ့ ဆည်ထားတာ ဖြစ်သလို အန်ဂျီအို တစ်ချို့ရဲ့ အကူအညီနဲ့ ဆည်ထားတဲ့ တာတမံတွေသာ ပိုများပါတယ်” ဟု ပြောသည်။

များမကြာမှီက လေဘေးသင့် ဒေသသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ဦးအေးသာအောင်မှလည်း တာတမံ အများစုမှာ ပြည်လည် တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်းနှင့် ဆည်ပြီးသား တာတမံများလည်း လိုအပ်သော အဆင့်သို့ ရောက်အောင် တည်ဆောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း ပြောသည်။

“ တာတမံက ၆ ပေ အမြင့်ထိ ဆည်ရမယ်။ ဒါပေမယ့် လူတွေက မနိုင်တော့ သုံးပေ အမြင့်ထိသာဆည်နိုင် တယ်။ ခုလောက် အမြင့်နဲ့ ဆားငံရေ ၀င်တာကို တားနိုင်မယ့် အနေအထား မရှိဘူး။ မိုးတွင်းမှာ အကုန်လုံး ပြန်ပျက်စီးသွားနိုင်တယ်။ လူတွေကတော့ တာတမံတွေ မဆည်နိုင်သေးဘူး။ အိမ်တွေ မဆောက်နိုင်သေးဘူး။ အစားအစာ (၀မ်းစာ) အလုံအလောက် မရှိဘူး။ ပြဿနာက တော်တော်များပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ရခိုင်ပြည်နယ် ပင်လယ်နှင့် မြစ်ချောင်းတလျောက်ရှိ ကျေးရွာများတွင် စပါး စိုက်ခင်းများကို ရေငံ မဝင်နိုင်အောင် တာတမံများ ဆည်ဖို့ပြီး စပါးများ စိုက်ပျိုးကြရသည်။ အများစု တာတမံများကို ဆည်မြောင်း ဦးစီးဌာနမှ တည်ဆောက်ပေးထားခြင်း ဖြစ်သော်လည်း လွန်ခဲ့သောနှစ် တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်း အတွင်း တာတမံ ၉၀ ရာခိုင်နုန်းကျော် ပျက်စီးသွားခဲ့သည်။

အဆိုပါ တာတမံများကို ဆည်မြောင်း ဦးစီးဌာနမှ ပြန်လည် တည်ဆောက်ပေးခြင်းမရှိသဖြင့် ပြည်သူများမှ အန်ဂျီအိုများ၏ အကူအညီကို ယူ၍၎င်း၊ ကိုယ့်အား ကိုယ်ကိုးပြီး၎င်း တည်ဆောက် နေကြရသည်။

Most read this week