ဝက်နားရွက်ပြာ ကာကွယ်ရန် ဇီဝလုံခြံုရေးက အဓိက

ဝက်နားရွက်ပြာ ကာကွယ်ရန် ဇီဝလုံခြံုရေးက အဓိက
by -
မျိုးသန့်

ချင်းမိုင် (မဇ္စျိမ) ။       ။ ဝက်နားရွက်ပြာရောဂါ ကာကွယ်ရန် မြန်မာနိုင်ငံတွင် ကာကွယ်ဆေး မရှိသေးသဖြင့် ဇီဝ လုံခြံုရေးစနစ်ခေါ် ဝက်ခြံ သန့်ရှင်း ရေးမှာ အဓိကကျကြောင်း မန္တလေးတိုင်း အမရပူရမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ဒုဦးစီးမှူး ဒေါက်တာထွန်းမြင့်စိုးကဗုဒ္ဓဟူးနေ့ တွင် ပြောဆိုတိုက်တွန်းသည်။

 ယခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်တွင် မန္တလေးတိုင်းအတွင်း ထိုရောဂါ စတင်တွေ့ရှိခဲ့ခဲ့သော်လည်း၊ ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး တင်သွင်းခွင့် မရှိသေးသလို၊ နိုင်ငံတွင်း၌လည်း မထုတ်လုပ်နိုင်သေးသဖြင့် ကာကွယ်ရန်မှာ ဇီဝလုံခြံုရေး စနစ်သာ အဓိကကျခြင်း ဖြစ်သည်။ ထိုရောဂါကို ၁၉၈၇ ခုနှစ်တွင် အမေရိကား၌ စတင်တွေ့ရှိခဲ့သည်။
 
“ကာကွယ်ဆေးလည်း မရှိသေးဘူး၊ မလာသေးဘူးပေါ့။ ဒီရောဂါကို ပျောက်အောင် ကုသဆေးလည်း မရှိသေးဘူး၊ အဲဒါကြောင့်ပါ၊ ကျနော်တို့နိုင်ငံမှာ တခါမှ မတွေ့ဖူးတော့ ကာကွယ်ဆေး တင်သွင်းခွင့် ခွင့်မပြုသေးဘူး။ ဒီမှာလည်း မထုတ်လုပ်သေးဘူး။ အဲဒါကြောင့် ဇီဝလုံခြံုရေးဟာ အဓိက မိန်းပွိုင့်ပဲ” ဟု ဒေါက်တာထွန်းမြင့်စိုးက မဇ္စျိမကို ပြောသည်။

Blue-ear-pigs

ဇီဝလုံခြံုရေးဆိုသည်မှာ အဓိကအားဖြင့် ဝက်ခြံသန့်ရှင်းခြင်းဖြစ်ပြီး၊ ဝက်မွေးမြူသူများအနေဖြင့်စားသောက် ဆိုင်၊ ထမင်းဆိုင်တို့မှ ထမင်းဟင်းကျန် အဟောင်းများကိုလည်း မိမိတို့ဝက်များကို မကျွေးရန် လိုအပ်သည်ဟု သူက ဆိုသည်။
 
“ဇီဝလုံခြံုရေးလို့ခေါ်တဲ့ ဝက်ခြံသန့်ရှင်းရေးတို့၊ ပိုးသတ်ဆေးတို့ ထုံးတို့ ဖျန်းဖို့ပေါ့။ နောက် ရောဂါဖြစ်နေတဲ့ ဝက်ခြံတွေ မသွားဖို့ပေါ့။ နောက် ဝက်စာတွေပေါ့။ စားသောက်ဆိုင်က ထမင်းဟင်း အဟောင်းတွေကို ယူပြီးတော့ မကျွေးဖို့ပေါ့။ အဲဒါမျိုးတွေ လုပ်ရမယ်။ ခြံပတ်ပတ်လည်ကိုလည်း ထုံးဖျူးရမယ်။ ဝက်တွေကို ကိုယ်ခံစွမ်းအားမြင့်သွားအောင် အားဆေးတွေဘာတွေ ထိုးရမယ်ပေါ့။ တတ်နိုင်သလောက် ကိုယ့်အိမ်မှာရှိတဲ့ အစားအသောက်နဲ့ပဲ ကျွေးဖို့။ အဲဒါကတော့ ဇီဝ လုံခြံုရေးလို့ ခေါ်မှာပေါ့” ဟု သူက ရှင်းပြသည်။
 
မကွေးနှင့် မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေသဖြင့်ထိန်းချုပ်ရန် အတွက် ရောဂါဖြစ်နေသည့် ဝက်များကို သီးသန့်ခွဲထားရန်နှင့် ထိုဝက်နာသားများကို ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနကလည်း နှိုးဆော်ထားကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
 
၎င်းရောဂါရှိ ဝက်နာသားကို စားမိသော် ကျန်းမာရေးဆိုးကျုုိး မဖြစ်သော်လည်း လတ်ဆတ်သည့်အသား မဟုတ်သဖြင့် စားသုံးရန် မသင့်ကြောင်းနှင့် ဝက်နားရွက်ပြာသည် ဝက်,ဝက်ချင်းသာ ကူးစက်ပြီး၊ လူများနှင့် အခြားတိရစ္ဆာန်များသို့ မကူးစက်တတ်ကြောင်း ဒေါက်တာထွန်းမြင့်စိုးကပင် ပြောပြသည်။
 
၎င်းရောဂါ၏ လက္ခဏာများမှာ ဝက်များ မောပန်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ခန္ဓာကိုယ်ပူခြင်း၊ အစာမစားခြင်း၊ မသေဆုံးခင် နားရွက်များ ပြာလာတတ်ခြင်း ဖြစ်သည်။ နားရွက်ပြကာ သေဆုံးသည့် ဝက်များကို မြေမြှုပ်ပြီး မီးရှို့ရန် လိုအပ်သည်။
 
ဝက်နားရွက်ပြာရောဂါကဲ့သို့ပင် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး မတ်လ လွှတ်တော်အစည်းအဝေးများအတွင်း ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP မှ လွှတ်တော်အမတ် ဒေါက်တာ အေးမောင်က အဆိုပြုသည်များ ရှိခဲ့သည်။ ၎င်း၏ အဆိုမှာကြက်ငှတ်တုပ်ကွေး ဖြစ်ရာ ဒေသများ၌ တိကျသည့် ဧရိယာသတ်မှတ်ရန်၊ ကြက်များ သုတ်သင်ရာတွင် ကြက်ခြံပိုင်ရှင်များကို လျော်ကြေးပေးရန် ဖြစ်သည်။
 
၎င်းအဆိုကို ယခုအစိုးရသစ်က ဆောင်ရွက်သွားရန် မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး က ဆုံးဖြတ်ချက်ချခဲ့သည်။