နယူးဒေလီ (မဇ္စျိမ) ။ ။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လူငယ်များ ပါဝင်သည့် သွေးလှူ အဖွဲ့ကို ကူညီနေသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းသည်အခြေခံ ဥပေဒကို ချိုးဖောက်ရာရောက်သဖြင့်ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က မြန်မာအစိုးရကိုပြောဆို မေတ္တာရပ်ခံလိုက်သည်။
၂ဝဝ၈ အခြေခံဥပဒေ အခန်း ၈၊ ပုဒ်မ ၃၇၆ တွင် စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲမည်သူ့ ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်းမရှိရဟု ပြဋ္ဌာန်းထားသော်လည်း ကိုနေမျိုးဇင်ကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်း မပါခြင်း၊ ရက်သတ္တပတ် ၃ ပတ်ကျော်အထိ တရားရုံးမတင်ဘဲ ဖမ်းဆီးထားခြင်းအပေါ်တနင်္လာနေ့ တွင် ကြေညာချက်ထုတ်ကာ မေတ္တာရပ်ခံခြင်း ဖြစ်သည်။
“ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကျင့်ထုံးနဲ့အညီ တရားစွဲအဖွဲ့ အစည်းက လိုက်နာဆောင်ရွက်ခြင်း၊ မရွက်ခြင်း မရှိဘဲ နိုင်ငံသားတဦးကို လက်လွတ်စပယ် ဖမ်းဆီးနေတာဟာ ဥပဒေနဲ့ မညီဘူးဆိုတာ ထောက်ပြလိုတဲ့အတွက် အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောသည်။
အခြေခံပုဒ်မ ၃၇၆ တွင် “နိုင်ငံတော်လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့် အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ်တည်ဆဲ ဥပဒေ တရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မရှိရ” ဟု ပြဋ္ဌာန်းထားသည်။
ကိုနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် အထူးရဲသတင်းတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အာဏာပိုင် ၈ ဦးခန့်က ဖမ်းဝရမ်း မပါဘဲ တောင်ဒဂုံနေအိမ်မှ ဖမ်းဆီးကာ မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားပြီး မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။
“တခါမှလည်း ဒီလိုအတွေ့အကြံု မရှိဘူးလေ။ ဘယ်လိုက်လို့ လိုက်ရမှန်း မသိဘူး။ သူတို့လာအကြောင်းကြား တာကိုပဲ အန်တီမျှော်နေတာ။ ဟိုမှာ သွားတွေ့တုန်းက မရှိဘူး၊ တွေ့ခွင့်မပေးဘူးဆိုတော့ အန်တီ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ပါဘူး” ဟု မိခင်ဖြစ်သူ ဒေါ်ခင်သီက မဇ္စျိမကို ပြောသည်။
ဖမ်းဆီးချုပ်နှောင်စဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်ပြုရန် သက်ဆိုင်ရာသို့ စာတင်ထားသည်။
ဧပြီလ ၄ ရက်နေ့တွင်လည်း နေအိမ်၌ ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်သို့ အာဏာပိုင်များဝင်ရောက်ရှာဖွေ ကာ သားဖြစ်သူ အသုံးပြုသည့် ခရီးဆောင်ကွန်ပြူတာအား သိမ်းဆည်းသွားသည်ဟု ဒေါ်ခင်သီက ဆိုသည်။
ကွန်ပြူတာ သိမ်းဆည်းသွားသဖြင့် အီလက်ထရောနစ်ဥပဒေဖြင့် အမှုဆင် ဖမ်းဆီးမည်ကို AHRC ကစိုးရိမ်နေ သည်။
၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့်လူမှုရေးလုပ်ငန်း များ၌ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သည်။
သမ္မတသစ်က တရားဥပဒေစိုးမိုးရေး ဦးစားပေးဆောင်ရွက်ရန် ကတိပြုထားသည့်အပေါ်အောက်ခြေအာဏာပိုင် များ မလိုက်နာသည်ကို အစိုးရသစ်အနေဖြင့် စစ်ဆေးမှု ရှိမရှိ စောင့်ကြည့်ကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့့များ ကို AHRC က တင်ပြသွားမည်ဖြစ်သည်။
AHRC မေတ္တာရပ်ခံချက်တွင် စစ်အစိုးရလက်ထက်ကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရသစ်လက်ထက်တွင် ရပ်တန့်ပေးရန်၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ သွားရောက်ခွင့်ပြုကာ ကမ္ဘာ့အသိအမှတ်ပြု စံနှုန်းနှင့်အညီ လုပ်ပိုင်ခွင့်ပြုရန် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ထံ စာရေးတောင်းဆိုကြပါရန်လည်း စာမူကြမ်းပုံစံနှင့်တကွ AHRC အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဧပြီလအတွင်းမှ အစပြုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နယ်ပယ် ပေါင်းစုံမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အတွက် လက်မှတ်ရေးထိုး တောင်းဆိုချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများကပါ လုပ်ဆောင်နေကြသည်။