တောင်သူလယ်သမားကို မြှင့်တင်ပေးရန် ဒေါ်စု ပြော

တောင်သူလယ်သမားကို မြှင့်တင်ပေးရန် ဒေါ်စု ပြော
by -
မဇ္ဈိမသတင်းဌာန

နယူးဒေလီ (မဇ္စျိမ) ။      ။ တိုင်းပြည်၏ လူဦးရေ အများစုဖြစ်သော တောင်သူလယ်သမားများ၏ အခြေအနေ မြှင့်တင်နိုင်မှသာ  နိုင်ငံတိုးတက်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအကြိမ် တောင်သူ လယ်သမားများ ပညာပေး သင်တန်း၌ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

စိုက်ပျိုးရေးနည်းပညာ တိုးတက်စေရန်နှင့် လယ်သမားများ၏ အခက်အခဲများ ဆွေးနွေးရန် ဧပြီလ ၂၆ ရက်နေ့မှစ၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ၃ ရက်ကြာ ပြုလုပ်မည့် တောင်သူလယ်သမားများ ပညာပေးသင်တန်း အပတ်စဉ် ၁ ဖွင့်ပွဲ ကျင်းပရာ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။
 
“တိုင်းပြည်ရဲ့ အခြေအနေ တိုးတက်ဖို့ဆိုရင် လယ်သမားများရဲ့ အခြေအနေကို မမြှင့်တင်လို့မရဘူး။ အဲလိုမြှင့်တင်ရာမှာ လယ်သမားတွေရဲ့ သားသမီးတွေ ပညာရေး မြင့်လာအောင် မြှင့်တင်ကြရမယ်လို့ .. အဲသလို လမ်းညွှန်ပါတယ််” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
farmer
သင်တန်းသို့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တောင်သူလယ်သမား ၄၆ ဦး တက်ရောက်ပြီး၊ NLD အဖွဲ့ဝင် စိုက်ပျိုးရေးကျောင်းဆင်း ပညာရှင်များက စိုက်ပျိုးရေးနည်းပညာများ ပို့ချသွားမည်ဖြစ်သည်။
 
အင်္ဂါနေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်သည့် သင်တန်းဖွင့်ပွဲသို့ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်ဝင်များ တက်ရောက်ကာ တောင်သူလယ်သမားများနှင့် မိတ်ဆက်တွေ့ဆုံကြခြင်း ဖြစ်သည်။
 farmer1
စိုက်ပျိုးရေး နည်းစနစ်များအပြင် စိုက်စရိတ်ချေးငွေ၊ မြေယာသိမ်းမှုများနှင့် လွတ်လပ်စွာ စိုက်ပျိုးခွင့် ရရှိရေး စသည့် လယ်သမားများ ကြံုတွေ့နေရသည့် အခက်အခဲများကိုလည်း နှစ်ဖက်ဆွေးနွေးသွားမည်ဟု ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္စျိမကို ပြောသည်။
 
“ပိုးမွှားတွေသတ်တဲ့ ပိုးသတ်ဆေးတွေ ဘယ်လိုသုံးရမယ် ဆိုတာမျိုးတွေလည်း ပါသလို၊ မြေယာနဲ့ ပတ်သက်တဲ့ အခက်အခဲလည်း ရှိမှာပေါ့ဗျာ။ နောက်ပြီး စရိတ်စကတို့၊ စားကျက်ကိစ္စ၊ အေးအေးချမ်းချမ်း စိုက်နိုင်အောင် ဘယ်လို ကာကွယ်စောင့်ရှောက်ပေးမလဲ ဆိုတာတွေကအစ အကုန်ပါမှာပေါ့ဗျာ” ဟု သူက ပြောသည်။

ဒေသနှင့် မကိုက်ညီသည့် သီးထပ်သီးညှပ်များ အဓမ္မစိုက်ပျိုးခိုင်းသဖြင့် တောင်သူများ အရှုံးပေါ်ခြင်းနှင့် ချေးငွေ မလုံလောက်သဖြင့် စိုက်ပျိုးစရိတ် ခက်ခဲသည့် ပြဿနာများကို သင်တန်းတွင် လယ်သမားများက အများဆုံး ပြောဆိုခဲ့ကြသည်။
 
အမှန်တကယ် လယ်ယာလုပ်ကိုင်သူများအတွက် ၎င်းတို့လယ်မြေများ တည်ငြိမ်မှုရှိရန် ဆောင်ရွက်ပေးစေ လိုသည်ဟု ဦးတင်ဦးက ဆိုသည်။
 
သင်တန်းတက်လာသူ လယ်သမားများအတွက် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ NLD မြို့နယ်အဖွဲ့က ထောက်ပံ့ကူညီသည်ဟု NLD တောင်သူများ လုပ်ငန်းကော်မတီဝင် ဦးမောင်မောင်ကြီးက ပြောသည်။
 farmer2“သူတို့ ရန်ကုန်မှာနေရတဲ့ ၅ ရက်လောက် အတောအတွင်းမှာ သက်ဆိုင်ရာ မြို့နယ်ပါတီအဖွဲ့တွေက သွားလာနေထိုင်ရေး အဆင်ပြေအောင် အားလုံးကူညီပံ့ပိုးပေးထားတာပါ” ဟု သူက ဆိုသည်။
 
သင်တန်းတက်လာသူများမှတဆင့် ၎င်းတို့ဒေသရှိ တောင်သူလယ်သမားများကို စိုက်ပျိုးရေး အသိပညာများ ပြန့်ပွားသွားရန်ပါ လုပ်ဆောင်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အခက်အခဲများကိုလည်း NLD ကဆက်လက်ကူညီသွား မည်ဟု သူက ဆက်ပြောသည်။
 
NLD သည် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ရန် ရည်ရွယ်ကာ မြို့နယ် ၁၉  ခုမှ တောင်သူ လယ်သမား ၃၃ ဦး ပါဝင်သော လယ်သမား ကွန်ယက်တခုကို မတ်လအတွင်း ဖွဲ့စည်းခဲ့သည်။
 
အဆိုပါ ကွန်ယက်မှ လယ်သမားများအတွက် ဥပဒေနည်းလမ်းအရ တရားစွဲခြင်း၊ သတင်းအချက်အလက်များကို NLD ရုံးချုပ်သို့ ပေးပို့ခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။

Most read this week