မြန်မာ-တရုတ် ကုန်စည်ပြပွဲ သယံဇာတ အဓိက ပြမည်

မြန်မာ-တရုတ် ကုန်စည်ပြပွဲ သယံဇာတ အဓိက ပြမည်
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။      ။ ၁ဝ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ပြည်တွင်းထွက် သယံဇာတများကို အဓိကထား ပြသရောင်းချမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။

 ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်မည့် ကုန်စည်ပြပွဲ၌ ပြည်တွင်းထွက် ကျောက်မျက်ရတနာများ၊ သစ်တော၊ လယ်ယာ၊ စက်မှုနှင့် ရေထွက်ကုန်ပစ္စည်းများကို အဓိက ပြသသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတေဇအောင်ဝင်း အဆိုအရ သိရခြင်း ဖြစ်သည်။
 
“ပြပွဲကတော့ နှစ်နိုင်ငံ ကုန်သွယ်မှုတွေ ပိုကောင်းလာအောင်ပေါ့ဗျာ။ ကျနော်တို့ဘက်ကတော့ အဓိကအနေနဲ့ ကျောက်မျက်ကို ၈ ခန်း ၁ဝ ခန်းလောက်ပြဖို့ လုပ်ထားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
 
မြန်မာနယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ပြုလုပ်မည့် အဆိုပါ ပြပွဲ၌ တရုတ်နိုင်ငံကလည်း ကားနှင့် လျှပ်စစ်ပစ္စည်းများကို အဓိကထား ပြသသွားမည်ဖြစ်သည်။
 
ကုန်စည်ပြပွဲကို မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုတိုးတက်စေရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် လာနိုင်ရန်၊ မိတ်ကောင်းမိတ်သစ်များ ရရှိရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးလမ်းကြောင်း ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်ဟု ဗိုလ်မှူးတေဇအောင်ဝင်းက ပြောသည်။
 
ပြခန်းဧရိယာ ၂ဝ၁၆ စတုရန်းမီတာ ရှိသည့်နေရာတွင် ပြခန်းပေါင်း ၂၂၄ ခန်းရှိပြီး မြန်မာနှင့် တရုတ်က ၁ဝ၈ ခန်းစီ ပြသမည်ဖြစ်ကာ၊ ဖိတ်ကြားထားသည့် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်နှင့် လာအို နိုင်ငံတို့ကိုမူ ၂ ခန်းနှုန်းစီ ပေးထားသည်။
 
ထိုနိုင်ငံများကို သက်ဆိုင်ရာ သံရုံးများမှတဆင့် ဖိတ်ကြားခဲ့သော်လည်း ထိုင်းက အကြောင်းမပြန်သေးဟု ဗိုလ်မှူးတေဇအောင်ဝင်းက ဆိုသည်။
 
ယခုချိန်ထိ ပြခန်းများကို လာရောက်ဝယ်ယူသူ နည်းပါးနေသေးကြောင်း ပြပွဲကို တာဝန်ယူ လုပ်ကိုင်နေသည့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ညွန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက မဇ္စျိမကို ပြောသည်။

အခန်းအရေအတွက် ပြောဆိုရန် ငြင်းဆန်ခဲ့သော်လည်း “တချို့ ဖိတ်ထားတဲ့ နိုင်ငံတွေက အကြောင်းမပြန် သေးသလို၊ အခန်းတွေကလည်း အများကြီး ကျန်ပါသေးတယ်” ဟု သူက ပြောဆိုသည်။
 
တခန်းလျှင် ၃ စတုရန်းမီတာ၊ ရှိပြီး အခန်းစျေးနှုန်းများကို တရုတ်အတွက် တခန်းလျှင် ယွမ် ၁၅ဝဝ (ဒေါ်လာ ၂၃ဝ ခန့်) ဖြစ်ပြီး၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလားဒေ့ချ်ကို တခန်းလျှင် အမေရိကန် ဒေါ်လာ ၂၃ဝ ဖြင့် သတ်မှတ်ထားသည်။
 
မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များကိုမူ တခန်းလျှင် ကျပ်တသိန်းခွဲ (ဒေါ်လာ ၁၇၅ ဝန်းကျင်) သတ်မှတ်ကာ၊ အစိုးရဝန်ကြီးဌာနများအတွက် တခန်းလျှင် ကျပ်တသိန်း (ဒေါ်လာ ၁၂ဝ ခန့်) ဖြစ်သည်။
 
နှစ်နိုင်ငံ ကုန်စည်ပြပွဲကို ၂ဝဝ၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံနယ်စပ် ကြယ်ဂေါင်မြို့နှင့် မြန်မာနိုင်ငံနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၌ တလှည့်စီ ပြုလုပ်ခဲ့ပြီး၊ ၉ ကြိမ်မြောက် ကုန်စည်ပြပွဲကို ကြယ်ဂေါင်၌ ၂ဝဝ၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။