ဝ ပြည်၌ အကောက်ခွန်ဈေးနှုန်း လျှော့မပေးသေး လုပ်ငန်းရှင်များအခက်တွေ့

ဝ ပြည်၌ အကောက်ခွန်ဈေးနှုန်း လျှော့မပေးသေး လုပ်ငန်းရှင်များအခက်တွေ့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ဝ ပြည်သွေးစည်းရေး တပ်ဖွဲ့ထိန်းချုပ်နယ်မြေပန်ဆန်းမြို့အကောက်ခွန် ဈေးနှုန်းများ လျှော့မပေးသေးသဖြင့်စီးပွါးရေး လုပ်ငန်းရှင်များ ဈေးသည်များအခက်အခဲတွေ့ နေရကြောင်း သိရသည်။

နှစ်ချုပ် အစည်းအဝေးပြီးဆုံးသည့်နောက်ပိုင်း ၂၂ ရက်မှစ၍ ဘဏ္ဍာ/အခွန်ဌာနက အိမ်ခွန်၊ ဆိုင်ခန်းခွန် ဘီးလိမ့် ခွန်ခွန် ဆေးပေးခန်းခွန် ငွေလှဲလှယ်ခွန်များအပြင် အခွန်အသီးသီးကို ဝ ပြည်နယ်အစိုးရက စတင်တိုးမြင့် ကောက် ခံလာခဲ့သည်။

Pang_Hsang_Butiful_night

“အခုလဲ တခြားကလာတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေရော ဒေသခံစီးပွါးရေးသမားတွေရော အကောက်ခွန်ဌာနကို အသနားခံစာတင်ကြတယ်။ ခုထိလဲ အခွန်လျှော့ပေါ့ပေးဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ တောင်းဆိုထားကြတယ်။ အာဏာ ပိုင်တွေဖက်ကတော့ ဘာမှမတုန့်ပြန်သေးဘူး” ဟု ပန်ဆန်းမှ စီးပွါးရေးလုပ်ငန်းရှင်တဦးကပြောသည်။

ဝ ထိန်းချုပ်နယ်မြေအတွင်း စီးပွားရေးလုပ်ပိုင်ခွင့်အရှိဆုံးမှာ ‘ပေါက်’ မျိုးရိုးသာဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“ဝ နယ်ထဲကနမ့်မားချောင်းဖျားဖက်မှာ တရုတ်ကုမ္ပဏီပိုင် ရွှေတွင်းအများကြီးရှိတယ်။ လွန်ခဲ့တဲ့ ၄-၅ လကမှ လုပ် ငန်းစခဲ့တဲ့ မန်းဆိုင်တောင်ဘက် ဟိုနမ့်မားအဖိုးတန် သတ္တုတွင်းတခုထဲမှာဘဲ ၁ လ ဝင်ငွေ ပျှမ်းမျှ ယွမ် ၁၀ သန်း ရှိတယ်။ ပေါက်ယူချန်ရဲ့တူ ပေါက်အိုက်ရုန့်က စီမံချုပ်ကိုင်တာပေါ့။ ကျနော်တို့ သာမာန်၊ စီးပွါးရေး လုပ်ငန်း ကျတော့ အခွန်ပေးနောက်ကျလို့မရဘူး။ တချို့နေရာဆိုရင် သေနတ်ချိန်ပြီးတောင်းတဲ့အဆင့် ရောက်တယ်လို့ တောင်ကြား တယ်။ ဗမာအာဏာပိုင်တွေနဲ့ သိပ်မကွာတော့ဘူး” ဟု ဆို၏။

ဝ နယ်ဒေသခံလူထုများ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းမှာ ယခုနှစ်အတွင်းသာမက၊ ဝပြည်ငြိမ်းချမ်း ရေး အနှစ် ၂၀ ပွဲ အကြိုကာလ ၂၀၀၉ ဧပြီလဆန်းပို်င်း ကတည်းကဖြစ်ကြောင်းပန်းဆန်းဒေသခံအမျိုးသမီး တဦး က လည်း ပြောပြသည်။

သူမ၏သားအားမူးယစ်ဆေးသုံးစွဲသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ဒဏ်ငွေ ယွမ် ၆၀၀၀ ရိုက်သည်ဟု ဆို၏။

“ ဘိန်းစားစား မစားစား သူတို့ သံသယရှိရင် ဖမ်းသွားတယ်။ ဆီးစစ်တယ်။ ပြီးရင် တလနီးပါး ထောင်ချလိုက် တယ်။ ဒဏ်ငွေ ယွမ် ၆,၃၀၀ ရိုက်တယ်။ အဲ့တုန်းက သူတို့ဖမ်းတာ အယောက် ၈၀၀ ရှိတယ်၊ ဟိုတယ်တွေမှာ လိုက်ဖမ်း တယ်။ အာဏာပိုင်တွေကြေငြာထားတာက မူးယစ်ဆေးသုံးရင် ယွမ် ၂,၀၀၀ ဒဏ်တပ်မယ်တဲ့ တကယ်တမ်းတော့ အဲလောက် မကဘူး။ ၃၀၀ ကျတော့ အချုပ်ခန်းစားစရိတ်တဲ့။ တကယ်တော့ နှစ် ၂၀ ပွဲလုပ်ဖို့ ရံပုံငွေရှာတာဘဲ့။ လူထုက အဲ့ကတည်းက အခက်အခဲတွေ့နေတာ” ဟု ၎င်းကပြောသည်။

ယခု ပန်ဆန်း - တန့်ယန်း ပြေးဆွဲနေသော ယာဉ်လိုင်းအနက် ဗဲင်ကားနှင့်ဆိုင်ကယ်သာရှိပြီး ကားခမှာလည်းထိုး တက် သွားသည်ဟု ဆို၏။

“ဖိုးဝှီးကားတွေ ဟိုင်းလက်ကားတွေ အကုန်လုံး ရပ်ထားခိုင်းတယ်။ ဗဲင်ကားဘဲပြေးရတယ်။ အစီး ၃၀ လောက် ဘဲ ကျန်တယ်။ ပန်ဆန်းတန့်ယန်းကားခကလဲ အရင်က ၄၅,၀၀၀ ကနေ အခု ၆၀,၀၀၀ ဖြစ်သွားပြီ။ လားရှိုး- ပန်ဆန်း ကား ခလဲ ၆၀,၀၀၀ ကနေ ရ၀,၀၀၀ တက်သွားတယ် ” ဟု ကုန်သည်တဦးကလည်းပြောသည်။

တရုတ်နယ်စပ် ဝ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမြို့၌ မတ်လ ၁၆ ရက်မှ ၂၀ ရက် အထိ ၅ ရက်ကြာ ၂၀၁၀  နှစ်ချုပ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက်ပိုင်း အကောက်ခွန်များ ၂ ဆ မက တိုးမြင့်ကောက်ခံလိုက်သဖြင့် အရောင်း အဝယ် အတော်အသင့်ကြဲပါးလာပြီး ကုန်သည်ပွဲစားများ ညီးထွားမြည်တွန်နေကြသည်ဟုဆိုသည်။