ချင်းမိုင် (မဇ္စျိမ)။ ။ နာရေးကူညီမှု လုပ်ရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာရောက်အလောင်းလုမှု များကို ကြံုတွေ့ခဲ့ရကြောင်း အသင်းတည်ဆောက် မှု သက်တမ်း ၁ဝ နှစ် ရှိပြီဖြစ်သော နာရေးကူညီမှု အသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူကပြော သည်။
ဧပြီလ ပထမပတ်တွင်းက တောင်ဥက္ကလာပမြို့နယ်တွင်း နာရေးကိစ္စ တခု၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ထံ အကူအညီ တောင်းသဖြင့် သွားရောက်ရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး နာရေးကူညီမှု အသင်းကားလည်း ထိုမိသားစု အိမ်၌ ရောက်ရှိနေပြီး ကူညီပါရစေ လုပ်ကြောင်း ကြံုတွေ့ခဲ့ရပုံကို ပြောပြခြင်း ဖြစ်သည်။
“သူတို့က အတင်းလာပြီးတော့ သယ်ပေးမယ် လို့ ပြောတယ်ပေါ့လေ။ ဒါပေမဲ့ ကာယကံရှင်က သူတို့အကူအညီ ကို လက်မခံဘဲနဲ့ ကျနော်တို့ အကူအညီကိုပဲ လက်ခံလိုက်တယ်။ အလောင်းတောင် လုတယ်ဆိုတော့လူကြား လို့တောင် မကောင်းဘူးလေ” ဟု ဦးကျော်သူက မဇ္စျိမကို ပြောသည်။
အလိုမကျသဖြင့် အာဏာပိုင်များက ရုပ်ရှင်ရိုက် ပိတ်ပင်ခံထားရသူ ဦးကျော်သူ၏ အပြောကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း တာဝန်ရှိသူတဦးကလည်း ဝန်ခံပြောကြားလိုက်ပြီး၊ အသင်းနာမည် ရလာစေရန် အထက် က ခိုင်းသည့်အပေါ် အောက်ခြေက အရမ်းကာရော လုပ်ဆောင်မှုဟု ဆိုသည်။
“အခုက သရုပ်ပြဖို့အတွက်ပဲ ဖြစ်နေတယ်” ဟု သူက ပြောသည်။
လူနေရပ်ကွက်များအတွင်း သေဆုံးသူ၏ ရုပ်အလောင်းများ သယ်ထုတ်ရာတွင် နာရေး ကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရပ်ကွက်ခံများ၏ အယူသီးမှုများကလည်း နာရေး ကူညီမှု အသင်းအတွက် အခက်တခုဖြစ်သည်။
“အခက်အခဲကတော့ အယူသီးတာတွေပေါ့လေ။ အဲဒါတွေကို ရင်ဆိုင်ပြီး ရှင်းရတယ်။ ဒီဘက်က ဝင်ရင် ဟိုဘက်က မထွက်ရဘူး။ အဲဒီ အယူသီးမှုတွေတော့ ရှိတယ်။ အဲဒါတွေပဲ ကျနော်တို့ ဖြေရှင်းကြရတယ်” ဟု ဦးကျော်သူက ဆိုသည်။
ထို့အပြင် အသင်းမှာ အခမဲ့ ဝန်ဆောင်မှု ပေးနေသော်လည်း မသာပွဲစားများ ပေါ်ပေါက်ကာ ကွယ်လွန်သူ မိသားစုထံ ပွဲစားက ငွေညစ်တောင်းခံမှုများ ရှိနေကြောင်းနှင့် ထို့ကြောင့် အသင်းရုံးချုပ်တွင် ‘မသာပွဲစား မလာရ’ ဟူသည့် ဆိုင်းဘုတ်ပင် ချိတ်ထားရသည်။
“ကျနော်တို့ဆီမှာ မသာပွဲစားဆိုတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်တအိမ်မှာ နာရေးဖြစ်တာနဲ့ ပွဲစားက အဲဒီအိမ်ကို သွားတယ်၊ ပြီးတော့ ကျနော် ဖုန်းဆက်ပေးမယ် ဘာညာဆိုပြီးတော့။ ဒါပေမဲ့ သူတို့ကို ၂ သောင်း ၃ သောင်းလောက် ပေးရမယ်ဆိုပြီးတော့ သူက ကြားထဲက ပိုက်ဆံနှိုက်သွားတယ်။ ” ဟု ဦးကျော်သူက ဆိုသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ နာရေးကိစ္စ အကူအညီတောင်းခံမှုမှာ တလလျှင် ၄၅ ဦးမှ ၅ဝ ဦးခန့်ရှိပြီး၊ တောင်ဥက္ကလာအခြေစိုက် ကြံ့ဖွံ့ နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းခံမှုမှာ တနေ့လျှင် ၁ဝ ဦးပင် မပြည့်ဟု ၎င်းအသင်း၏ တာဝန်ရှိသူတဦးက ဆိုသည်။ ခါတော်မီ နာရေးကူညီမှုမျိုး မဖြစ်သင့်ဟုလည်း ဆိုသည်။
“အခုလို လက်တွေ့လုပ်တဲ့အခါမှာ၊ အခုမှလာပြီး ခါတော်မီ နာရေးကူညီမှု လာလုပ်လို့တော့ မအောင်မြင်ဘူးဗျ။ သူက တလောင်းရရ၊ ၂ လောင်းရရ၊ ၃ လောင်းရရ ဈေးရောင်းသလို လာကောက်သင်းကောက်နေလို့ မရဘူး” ဟု ဆိုသည်။
ဦးကျော်သူကလည်း မည်သည့်အသင်းအဖွဲ့ပင်ဖြစ်စေ လူမှုရေးလုပ်ငန်းလုပ်လျှင် စေတနာပါရန် လိုအပ်ပြီး၊ မည်သည့် အဖွဲ့အစည်းတခုခုကို တိုက်ခိုက်ရန် ရည်ရွယ်မည်ဆိုပါက အောင်မြင်နိုင်မည်မဟုတ်ဟု ပြောဆိုသည်။
ရန်ကုန်နာရေးကူညီမှုအသင်းကို မြောက်ဒဂုံမြို့နယ် အမှတ် ၁၃ (က) တွင် ရုံးစိုက်ထားသည်။ နာရေးနှင့် ပတ်သက်သည့် အကူအညီများ တောင်းခံလိုပါက ထိုရုံးချုပ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည်။ အသင်းကို ကွယ်လွန်သူ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် လွန်ခဲ့သည့် ၁ဝ နှစ်တွင်စတင်တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ ရန်ကုန် နာရေးကူညီမှုအသင်းမှ နာရေးနှင့် ပတ်သက်သည့် ကူညီမှုပေါင်း ၁ဝ၁ဝ၂၃ ခု ရှိခဲ့ပြီဖြစ်သည်။
နာရေးကူညီမှုသာမက သုခ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကိုလည်း ၂ဝဝ၇ မေလ ၂ ရက်နေ့တွင်စတင်ဖွင့်လှစ် ခဲ့ပြီး၊ ကူညီမှုများ ပေးနေသည်။
“နာရေးပဲလုပ်လုပ်၊ အခမဲ့ပဲ ဆေးကုကု ကျော်သူတို့က အလကား လုပ်ပေးတာပဲ ဆိုပြီးတော့တန်ဖိုးမထား တာမျိုး မလုပ်သင့်ပါဘူး။ ကျနော်တို့ စေတနာရှင် လုပ်အားပေးတွေကို ဆေးလာကုတဲ့အခါမှာ ငါကျတော့ တုံကင်မရဘူး၊ သူကျတော့ တုံကင်ရတယ်၊ အဲဒါမျိုးတွေ မလုပ်သင့်ပါဘူး။ အဲဒီလိုမျိုး ပြင်ပဆေးရုံတွေမှာ လုပ်လို့ မရပါဘူး” ဟု ဆိုသည်။
အသင်းတည်ထောင်ပြီး ၉ နှစ်အကြာတွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး နာရေးကူညီမှုအသင်းကို ၂ဝ၁ဝ နှစ်ဦးပိုင်းတွင် ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်တိုင်း တာဝန်ခံရန်ကုန်မြို့တော်ဝန် ဟောင်း ဦးအောင်သိန်းလင်း၏ ညွှန်ကြားမှုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကြံ့ဖွံ့နာရေးကူညီမှုအသင်းကို အကူအညီကို တောင်းခံလိုပါက ရန်ကုန်တိုင်းရှိ နီးစပ်ရာ ကြံ့ဖွံ့မြို့နယ်ရုံးများသို့ အကြောင်းကြားရပြီး၊ ထိုမှတဆင့် ကြံ့ဖွံမြို့နယ်ရုံး တာဝန်ရှိသူများက ရေဝေးသုသာန်ရှိ ဝန်ထမ်းများကို အကြောင်း ကြားကာ နာရေးကိစ္စ ဆောင်ရွက်ပေးသည်။