အပိတ်လှောင်ခံ မြန်မာလုပ်သား ၃၉ ဦး ကယ်တင်နိုင်

အပိတ်လှောင်ခံ မြန်မာလုပ်သား ၃၉ ဦး ကယ်တင်နိုင်
by -
အောင်မြတ်စိုး

ဘန်ကောက် (မဇ္စျိမ)။     ။ ဘန်ကောက်မြို့ ဒင်းဒန်းန်ဒေသ ရတ်ချဒါလမ်းမ ဆုဆဝါလမ်း သွယ်ရှိ အိမ်တွင်းစက်ချုပ်ရုံ ၄ ရုံရှိ ပိတ်လှောင် ခိုင်းစေခံရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၉ ဦးကို ထိုင်းရဲများက အင်္ဂါနေ့နေ့လည်တွင်စက်ရုံ များ အတွင်း ဝင်ရောက် စီးနင်းကာကယ်တင် နိုင်ခဲ့သည်။

Burmes_workers_BKK_11_02

စက်ရုံပိုင်ရှင် အမျိုးသမီးမှာ မြန်မာပြည်ဖွား ဖိဆာဆိုသူဖြစ်ပြီး၊ အလုပ်သမားများကို ၅ ထပ်အဆောက်အအုံထဲ သော့ခတ်ထားသဖြင့် ထိုင်းရဲ ၄ဝ ကျော်နှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များက လှေကားထောင်၍ တံခါးများ ရိုက်ချိုး ဖျက်ဆီး၍ ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။ အောက်ဆုံး ၃ ထပ်ကို သော့ခတ် ပိတ်ဆို့ထားသဖြင့် ဝင်ရောက်ရန် မလွယ်ကူမှုကြောင့် ရဲများက စတုတ္ထထပ် ဝရန်တာမှတဆင့် အဆောက်အအုံအတွင်း ဝင်ရောက်ခဲ့ရသည်။

“အလုပ်သမားတွေက ငါတို့ ဒီမှာဒီမှာ ဆိုပြီး လက်ပြ၊ ရဲတွေက လှေကားထောင်ပြီး အပေါ်ကိုတက် အဲလို ကယ်ရတာ” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း BAT တာဝန်ခံ ဦးကျော်သောင်းက မဇ္စျိမကို ပြောသည်။

အပိတ်လှောင်ခံများ၏ သတင်းပေးချက်အရ BAT က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ထံ Anti Human Trafficking Division (AHTD) ထံ တိုင်ကြားရာမှတဆင့် ထိုင်းရဲများက ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မတ်လ ၂၈ ရက်နေ့က အလုပ်ရုံတခုက မသွယ်ဆိုတဲ့ အမျိုးသမီးတဦးက စပြီး ဖုန်းဆက်သွယ်လာပါတယ်။ အချက်အလက်တွေ ပေးတယ်။ ဧပြီလ ၄ ရက်နေ့မှာ ဖြိုးဝေဦးနဲ့ ညီညီလွင်ဆိုတဲ့ ၂ ယောက်က သူတို့က အပြင်ထွက်ခွင့်ရတဲ့ သူတွေဆိုတော့ ည ၉ နာရီလောက်မှာ အမှိုက်ပစ်မယ်ဆိုပြီး ထွက်ပြေးလာကြတယ်။ အဲဒါနဲ့ ၁၂ ရက်နေ့မှာ ဘာသာပြန် အပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို သွားပြီး အမှုဖွင့်ခဲ့တာပါ” ဟု သူက ဆိုသည်။

စက်ရုံများအတွင်း ထိုင်းရဲများ ဝင်ရောက်ရှင်းလင်းစဉ် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ဝ ဦးကိုကယ်တင် နိုင်ခဲ့ပြီး၊ သူတို့တွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အထောက်အထားများ မရှိသူများ ဖြစ်သည်။ကယ်တင်ခံရ သည့် မြန်မာလုပ်သား အများစုမှာ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်မှ အများစု ဖြစ်ကြသည်။

စက်ရုံပိုင်ရှင် ဖိဆာသည် အလုပ်သမားများကို ပိတ်လှောင်စေခိုင်းသဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လထဲတွင်လည်း အလုပ်သမားများ ထွက်ပြေးခဲ့သည်များ ဖြစ်ပွားခဲ့သေးသည်။

အလုပ်သမားများမှာ မနက် ၈ နာရီမှစ၍ လုပ်ကိုင်ရပြီး တခါတရံ ည ၂ နာရီထိုးမှသာ အိပ်စက်ရကြောင်းနှင့် သူတို့ကို ပွဲစားခ ၁၄၅ဝဝ ဘတ်ဖြင့် အလုပ်ရှင်က လူကုန်ကူးသူများထံမှ ခေါ်ဆောင်ခဲ့ကာ အလုပ်ကို ပုတ်ဖြတ်ခိုင်းစေကြောင်း စက်ရုံထဲမှ ကယ်တင်ခံရသူ ကိုသိန်းနိုင်က မဇ္စျိမကို ပြောသည်။ သူသည် ယခုအခါ ဘန်ကောက်ခရိုင်နှင့်ကပ်လျက် တည်ရှိသည့် ပထုံဌာနီခရိုင်ရှိ ယာယီထိန်းသိမ်းစောင့်ရှောက်ရေး စခန်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်။

အဆောင်ခ၊ မီးခ၊ ရေခနှင့် ရဲကြေးများအဖြစ် တလလျှင် ဘတ် ၁ဝဝဝ နှင့် တပတ်တခါ မှာယူသည့် ဟင်းဖိုးများ နုတ်ယူပြီး၊ ကျန်ရှိသော လုပ်အားခများကိုလည်း လမ်းစရိတ်အဖြစ် သိမ်းဆည်းကာ လမ်းစရိတ်ကျေ၍ အလုပ်ပြောင်းချင်၊ အလုပ်ထွက်ချင် သူများကို မဲဆောက်ပြန်ပို့မည်ဟု ခြိမ်းခြောက်လေ့ရှိသည်ဟု သူက ပြောသည်။

“ကျနော်တို့လာတာ ဘန်ကောက်မှာ အလုပ်ကောင်းတယ် တလ (ဘတ်) ၁ဝဝဝဝ ကျော် ရမယ်ဆိုလို့ ပွဲစားနဲ့ လာတာပါ။ ကားခက ၁၄၅ဝဝ ကျပါတယ်။ အဲဒါကို လုပ်ခထဲကနေ ဖြတ်မယ်ဆိုတဲ့ သဘောပါ” ဟု မဲဆောက်မှ ဘန်ကောက်သို့ ရောက်ရှိလာပုံကို ကိုသိန်းနိုင်က ပြောပြသည်။

အလုပ်ရှင်အမျိုးသမီးမှာမူ အာမခံဖြင့် ယာယီအမှုရင်ဆိုင်ခွင့် ရရှိပြီး၊ ခင်ပွန်းသည်မှာ ယခုအခါ AHTD စခန်းတွင် ချုပ်နှောင်ခံထားရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမား ထားရှိမှုအတွက် အလုပ်ရှင်အား ဒဏ်ငွေအဖြစ် ဘတ် တသောင်းမှ တသိန်းအထိ အလုပ်သမားတဦးအတွက် ပေးဆောင်ရမည်ဖြစ်ပြီး၊ လူကုန်ကူးမှု ပေါ်ပေါက်ပါက ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခံရနိုင်သည်။

“မနေ့က world vision တို့ Save the children တို့အဖွဲ့တွေ လာတော့၊ သူတို့ကို အင်တာဗျူးတော့ ငိုကြတယ်။ သူတို့က မပြန်ချင်ဘူး မြန်မာပြည်မှာက လုပ်ကိုင်စားသောက်စရာ ဘာမှမရှိဘူး၊ တချို့က အိမ်မီးလောင်သွားလို့၊ အိမ်ပြန်ဆောက်ချင်လို့၊ သားသမီးကို ကျောင်းထားချင်လို့၊ ညီညီမတွေ လုပ်ကျွေးချင်လို့တဲ့ အဲလို” ဟု ဦးကျော်သောင်းက ပြောဆိုသည်။

BAT သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြင့် ၂ဝဝ၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘန်ကောက်၌ အခြေစိုက်ကာ  မြန်မာ အလုပ်သမားများ အရေး ကူညီနေသော လူထုအခြေပြု အဖွဲ့တဖွဲ့ ဖြစ်သည်။