ဘုန်းကြီးကို ဓါးနှင့် ထိုးရန် ကြံရွယ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်ကြား သော်လည်း အရေးယူ မခံရ

ဘုန်းကြီးကို ဓါးနှင့် ထိုးရန် ကြံရွယ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်ကြား သော်လည်း အရေးယူ မခံရ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးသည် သူနေထိုင်ရာ ကျေးရွာမှ ဘုန်းတော်ကြီး တစ်ပါးအား ဓါးနှင့် ထိုးရန် ကြံရွယ်ခဲ့သည့် အပေါ် တိုင်ကြား သော် လည်း သက်ဆိုင်ရာမှ တစုံတရာ အရေးယူခြင်း မရှိကြောင်း သတင်း ရရှိသည်။

“ အဲဒီ အုပ်ချုပ်ရေးမှူးက ဧပြီလ ၁၆ ရက်နေ့ ညနေမှာ ရွာဦးကျောင်း ဆရာတော် ပရိတ်တရားဟောပြီး ကျောင်းကို အပြန် ကျောင်းလမ်းဝမှာ ထိုင်နေစဉ် ဓါးနဲ့ ထိုးဖို့ လုပ်တယ်။ ဆရာတော်က သူရဲ့ အိန္ဒြေကို ထိခိုက်အောင် လုပ်တယ်ဆိုပြီး ဓါးနဲ့ထိုးဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

ဓါးနှင့် ထိုးရန် ကြံရွယ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာမှ ဦးအေးစိုးထွန်း ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရွာသား ၄၀ ခန့်က လက်မှတ်ရေးထိုးပြီး ဆရာတော်အား ဓါးနှင့် ထိုးရန် ကြံရွယ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ပေါက်တော မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ ရွာသားတွေက ဒီလောက်ထိ မိုက်ရိုင်းတဲ့ အုပ်ချုပ်ရေးမှူးကို ရွာမှာ အလိုမရှိ တော့ဘူး။ ဒါကြောင့် အရေးယူပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားတယ်။ ခုချိန်ထိ ဘာမှအရေးယူဆောင်ရွက် ပေးတာ မရှိဘူး။ ဒါကြောင့် တခြား သက်ဆိုင်ရာတွေ အပါအဝင် ရတပ ပါတီကိုပါ တိုင်ကြားစာပေးပို့ထားပါ တယ်” ဟု သူက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) ပေါက်တောမြို့နယ် ရုံးမှ တာဝန်ရှိသူ တစ်ဦးကလည်း တိုင်ကြားစာကို လက်ခံ ရရှိထားကြောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာမှ ယခုအချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း အတည်ပြု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ တာဝန်ယူနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ နအဖ စစ်အစိုးရ လက်ထက်က ခန့်အပ်ခဲ့သော ရယက ဥက္ကဌများကို အသွင်ပြောင်းထားသူများ ဖြစ်ပြီး တစ်ချို့ မှာ ယခုအချိန်ထိ နအဖ စစ်အစိုးရလက်ထက်တည်းက ထားရှိသော အုပ်ချုပ်ရေး ပုံစံများဖြင့် လူထုကို နိုင်ထက် စီးနှင်းပြုလုပ်ကာ အုပ်ချုပ်နေတုန်း ဖြစ်ကြောင်း သိရသည်။

Most read this week