ချင်းမိုင် (မဇ္စျိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တည်ထောင်မည့် အထူး စီးပွားရေးဇုန် စီမံကိန်းအတွက်ကျွမ်းကျင်သူများ အဖွဲ့ ငှားရမ်းရန် ဘတ်ဂျက်ကို ထိုင်းအစိုးရက အတည်ပြုလိုက်သည်ဟု ထိုင်းသတင်းဌာနများက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး Alongkorn Ponlaboot က မဲဆောက် အထူး စီးပွားရေးဇုန်တွင် Tha Sai Luad နှင့် Mae Pa ခရိုင်ငယ်များရှိ နယ်မြေ ဟက်တာ ၉ဝဝ ခန့် ပါဝင်မည်ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။ ဇုန်တည်ထောင်ရေး အတွက် ဥပဒေပြင်ဆင်ရန် အစိုးရ ကော်မတီခွဲ တခုက အမိန့် ဥပဒေကြမ်းလည်း ရေးဆွဲခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ Tak ဒေသရှိ မဲဆောက်သည် မြန်မာဒုက္ခသည် အများအပြားနှင့် အထည်အလိပ်စက်ရုံ လုပ်သားများ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ မြို့တမြို့ ဖြစ်သည်။
ယခုဇုန်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကာ၊ မဲဆောက်သည် အိန္ဒိယနှင့်ပါ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှှု ပိုမိုတိုးတက်လာနိုင်ပြီး ဒေသတွင်း နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အတွက် အရေးပါသည့် ခြေလှမ်းတရပ် ဖြစ်လာမည်ဟု ဒုဝန်ကြီး Alongkorn Ponlaboot က ပြောသည်။ ထို့အပြင် ‘ထိုင်းနိုင်ငံ၏ အနောက်တံခါးပေါက်’ ဖြစ်လာလိမ့်မည်ဟုပင် တင်စားပြောဆိုခဲ့သည်။
မဲဆောက် အထူးစီးပွားရေးဇုန်ကို မြန်မာနိုင်ငံ ပင်လယ်ကမ်းခြေရှိ ထားဝယ်မြို့တွင် ထိုင်းကုမ္ပဏီများ ဆောက်လုပ်ဆဲ ရေနက် ဆိပ်ကမ်းနှင့် ဆက်စပ်ရန်လည်း စီမံကိန်း ရေးဆွဲသူများက ရည်ရွယ်ထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ထိုင်းအစိုးရသည် ကုန်တင်ယာဉ် ထရပ်ကားကြီးများပါကူးသန်းသွားလာ နိုင်မည့် ဒုတိယ ထိုင်း-မြန်မာ တံတားဆောက်လုပ်ရေး စီမံကိန်းအား အတည်ပြုခဲ့သည်။ သို့သော် မြန်မာအစိုးရကြောင့် မြန်မာဘက်တွင် ဆောက်လုပ်ရေးများ နှောင့်နှေးခဲ့သည်။ ထိုင်းဘက်မှလိုက်လျော အလျှော့ပေး ညှိနှိုင်းမှုများကို လိုလားသဖြင့် တမင်နှောင့်နှေးရန် ကြိုးစားခဲ့ပုံ ရသည်ဟု မြန်မာအစိုးရအပေါ် လေ့လာသူများက သုံးသပ်ကြသည်။
မဲဆောက်သည် မြန်မာနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်နေသည့် နယ်စပ်မြို့ဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၂၅ သန်းဖိုးခန့် ကုန်သွယ်ခဲ့ကြသည်။ သို့သော် စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် ဇူလိုင်မှစ၍ နှစ်နိုင်ငံကို ပိုင်းခြားသည့် သောင်ရင်းမြစ်တလျှောက် နယ်မြေပိုင်းခြားသတ်မှတ်ရေး အငြင်းပွားမှုကို အကြောင်းပြကာ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံခါးကို တဖက်သတ် ပိတ်ပင်ခဲ့သဖြင့် ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် နယ်စပ်ကုန်သွယ်ရေး ကျဆင်းခဲ့ရသည်။
တံတား ပိတ်ထားသဖြင့် ကုန်သည်များသည် ခနော်ခနဲ့ လှေငယ်များဖြင့်သာ ဖြတ်ကူး၍ ကုန်သွယ်နေရသည်။
ထိုင်းအာဏာပိုင်များက မဲဆောက် အထူးစီးပွားရေးဇုန် တည်ထောင်ရန် ယခုမှ စတင်စီစဉ်သော်လည်း လက်တွေ့တွင် မဲဆောက်သည် တရားမဝင် မြန်မာလုပ်သားများ အလွယ်တကူ ဝင်ရောက်လုပ်ကိုင်နေသဖြင့် စီးပွားရေးဇုန် တမျိုးကဲ့သို့ ဖြစ်ခဲ့သည်။ ထိုမြို့မှတဆင့် အခြား ထိုင်းမြို့များသို့ မြန်မာများ မဝင်ရောက်နိုင်ရန် ထိုင်းစစ်သားများနှင့် ရဲများက လမ်းပိတ်ဆို့မှုများနှင့် အဆင့်ဆင့် စစ်ဆေးမှုများ ပြုလုပ်ကာကာကွယ်ထား သည်။