သျှမ်းရိုးရာရှင်ပြုပွဲထဲ မြန်မာစစ်တပ် လက်နက်ကြီးပစ် ဘုန်းကြီးတပါး ဒဏ်ရာပြင်းထန်ရ

သျှမ်းရိုးရာရှင်ပြုပွဲထဲ မြန်မာစစ်တပ် လက်နက်ကြီးပစ် ဘုန်းကြီးတပါး ဒဏ်ရာပြင်းထန်ရ
by -
သျှမ်းသံတော်ဆင့်

ရှင်လောင်းပွဲအတွင်း ဗမာစစ်တပ်ကလက်နက်ကြီး ဖြင့် ပစ်ခတ်ရာဘုန်းကြီးတပါးထိခိုက်ဒဏ်ရာရကာ တောင်ကြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းသိရ သည်။

Boy_Sang_Long

၁၂ ရက်နေ့ည ၉ နာရီက ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ နောင်ငင်းရွာရှင်ပြုပွဲအတွင်း လက်နက်ကြီးကျ ခြင်း ဖြစ်ပြီး ပွဲနှင့် သိပ်မဝေးသော  ခလရ ၁၅၁ အား သျှမ်းတပ်က ချုံခိုပစ်ခတ်ရာမှ ဖြစ်ပွါးခြင်းဖြစ်ကြောင်းအဆိုပါ တပ်ကပြောသည် ဟု အလှူရှင်တဦးကပြောသည်။

“ ၁၂ ရက်ညက ခလရ ၁၅၁ တပ်ခွဲမှူး သက်နိုင်လင်း  ပွဲခင်းထဲ လာလည်တယ်။ ၁၀ မိနစ်လောက်ဘဲ နေပြီးပြန်သွား တယ်။ တပ်ပြန်ရောက်ချိန်လောက်မှာ ပွဲခင်းဖက်ကို သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပွဲခင်းနဲ့ သူတို့တပ်နဲ့ က အလံ ၂၀၀ လောက်ဘဲဝေးတာ။ နောက်နေ့မနက်ရောက်တော့ သျှမ်းသူပုန်တွေ သူတို့တပ်ကို ချောင်းပစ်တယ်လို့ ရွာသူကြီးကိုပြောတာ” - ဟု လူလတ်ပိုင်းကွန်ဟိန်းမြို့ သူတဦးကပြောသည်။

 လက်နက်ကြီးစာမိ၍ ဘုန်းကြီးတပါး၏ပေါင် ဒဏ်ရာရကာတောင်ကြီးဆေးရုံသို့ပို့ဆောင်ထားရကြောင်း နောင်ငင်း ဒေသခံ တဦးကလည်းပြောသည်။

“ ဒဏ်ရာပြင်းတာကတော့ ဘုန်းကြီးတပါးပေါ့။ နောက်နေ့မနက် တောင်ကြီးဆေးရုံပို့လိုက်ရ တယ်။ကျန်တာ တော့ နဲနဲပါးပါး ထိကြတယ်။ သက်နိုင်လင်းနဲ့ သိတဲ့ လူက ပြန်ပြောပြတာ ကတော့ ပွဲခင်းထဲမှာလူတယောက် က သူ့ခြေ ထောက်တက်နင်းမိလို့ စိတ်ဆိုးပြီး သေနတ်တွေနဲ့ပစ်တာတဲ့” ဟု ၎င်းကပြောပြသည်။

ခလရ ၁၅၁ ၏တပ်ရင်းမှူးမှာ ဗိုလ်မှူးစိုင်းလှဝင်းဖြစ်ပြီး ၎င်းတို့တပ်နှင့် နောင်ငင်းရွာ ရှင်လောင်းပွဲခင်းမှာ မီတာ ၄၀၀ ခန့်သာဝေးသည်ဟုဆိုသည်။ ခမရ ၁၅၁ မှာ ယခုနှစ်အတွင်းမှ အခြေစိုက်သော တပ်သစ်ဖြစ်သည်။ ကာလိမြို့ နယ်ခွဲ၏ အရှေ့မြောက်ဖက် ၁ မိုင်ကျော်အကွာတွင် တည်ရှိပြီးအဆိုပါတပ်တည်ဆောက်ရန်အတွက် နောင်ငင်းဒေသခံများထံမှ လယ်ယာမြေဧက ၃၀၀ ကို ယခုနှစ်ဆန်းက မြန်မာအာဏာပိုင်များ  သိမ်းယူလိုက်ခြင်းဖြစ်သည်။  

ဧပြီ ၁၆ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွင်မူ ၄ ရက်နေ့နှင့် ၁၂ ရက်နေ့က SSA (ယွက်စစ်) အဖွဲ့ ရွာထဲသို့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကိုရင်တပါး အပါအဝင် အပစ်မဲ့ပြည်သူ ၅ ဦးဒဏ်ရာအပြင်းအထန်ရရှိသည်ဟုဆို ၏။

ကာလိဒေသခံတဦး ပြောပြချက်အရ  ဧပြီ ၄ ရက်နေ့၌ ကာလိတိုးချဲ့မြို့နယ်ခွဲသစ် အခြေစိုက် ရဲစခန်းအား အမည်မသိ လူတယောက်  လက်ပစ်ဗုံးဖြင့် ပစ်ထည့်သဖြင့် ဆောက်လုပ်ရေးအငှားလုပ်သား(ရဲအငြိမ်းစား) တဦးသေဆုံး၊ (ဗမာပြည်မှ ဆောက်လုပ် ရေး အလုပ်သမား) ၄ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။