နယူးဒေလီ (မဇ္စျိမ)။ ။ မူးယစ်ဆေးစိုက်ပျိုး သုံးစွဲမှု ပပျောက်ရေးကို ကချင်ပြည်နယ် အစိုးရ အနေဖြင့် ဦးစားပေး ဆောင်ရွက်ရန် ပြည်နယ်တွင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃ ပါတီကပြောဆို လိုက်ကြသည်။
ဒေသလူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသဖြင့် ဦးစားပေးဖြေရှင်းရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီတို့က ပြည်နယ်အစိုးရကို တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။
“ကချင်ပြည်နယ်မှာ အထူးသဖြင့် လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကချင်လူငယ်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိလာအောင် ဖော်ဆောင်ပြီး လူငယ်တွေ လမ်းကြောင်းမှန်ပေါ် ရောက်အောင် တင်ပေးဖို့ လိုတယ်။ အဲဒါကို သက်ဆိုင်ရာ ကချင်ပြည်နယ် လွှတ်တော်မှာ တင်ပြပြောဆိုဖို့ ပြင်ထားပါတယ်” ဟု ပြည်နယ်အစိုးရဝင် တစည ပါတီမှ ပြောခွင့်ရ ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။
စဒက ပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကလည်း “မူးယစ်ဆေးဝါးကိစ္စက လက်ရှိအနေအထားကို ပါတီမှာ တိုင်ပင်ပြီး တင်ပြဖို့ ရှိပါတယ်။ အစိုးရသစ် ဆောင်ရွက်ရမယ့် လုပ်ငန်းထဲမှာ ဒါလည်း တခုပါတယ်” ဟု ပြောဆိုသည်။
စစ်အစိုးရလက်ထက်တွင် ကချင်ပြည်နယ်၌ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ရာ စိုက်ပျိုးသုံးစွဲသူများ တစထက်တစ ပိုများလာသည်ဟု NDF ကိုယ်စားပြုကာ ဖားကန့်ဒေသမှ ရွေးကောက်ပွဲဝင်ခဲ့သူ ဒေါ်ဘောက်ဂျာကလည်း ပြောသည်။
“မြစ်ဆုံရေကာတာက တရုတ်တွေဆိုရင် အိတ်ကြီးအိတ်ငယ်နဲ့ သယ်လာတာ၊ ဘယ်သူမှ မဖမ်းဘူး။ ဥက္ကဋ္ဌတွေက ရောင်းတဲ့သူတွေဆီက အခွန်ကောက်နေတော့ ဖမ်းမယ့် တားမယ့်သူ မရှိဘူး။ လမ်းပေါ်မှာ လုပ်ချင်သလို လုပ်နေတာ။ မသုံးဖူးတဲ့ သူတွေဆိုရင် ဝယ်စရာ မလိုဘူး၊ စမ်းဖို့ အလကားပေးတာ။ တခြားနေရာမှာထက် ကချင်မှာ ပိုဆိုးနေတာ” ဟု သူက ဆိုသည်။
မတ်လ ရ ရက်ထုတ် အစိုးရ သတင်းစာတွင် ဝိုင်းမော်၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် ဖေဖော်ဝါရီ ၂၁ မှ ၂၇ ရက်နေ့အတွင်း ဘိန်းခင်း ဧက ၄ဝဝ ကျော် ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် တနှစ်အတွင်း ဘိန်းစိုက်ဧက ၂ဝ ရာခိုင်နှုန်း တိုးလာကာ ဘိန်းတန်ချိန် ၅၈ဝ ကျော် ထွက်ရှိခဲ့ရာ ယခင်နှစ်ထက် တန်ချိန် ၂၅ဝ ကျော် ပိုထွက်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ၂ဝ၁ဝ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ၌လည်း ပါရှိသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း ဘိန်းခင်းတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ၊ စစ်အစိုးရက တားမြစ်ပိတ်ပင်မှုများ ရှိသည်ဟု KIO က ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြောဆိုခဲ့သည်။ KIO က ထိုလအတွင်း ဒေသတွင်း ဆေးစွဲသူ ၁ဝဝဝ ကျော်ကို ဖမ်းဆီးကာ ဘိန်းဖြတ်ပေးခဲ့သေးသည်။
ဘိန်းစိုက်ပျိုးသုံးစွဲမှု အရေးသာမက ကုမ္ပဏီများက ဒေသခံများထံမှ အဓမ္မ သိမ်းယူထားသည့်လယ်ယာမြေများ ကို ပြန်လည် ရရှိရန် ပြည်နယ်ဝန်ကြီးထံ စာရေးတောင်းဆိုသွားမည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
သူသည် ၂ဝဝ၇ ခုနှစ်တွင် ဖားကန့်မြို့နယ် အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် စသည့် ကျေးရွာ ၅ ရွာမှ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေ ဧက ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ရန် စစ်တပ်နှင့် ယုဇနကုမ္ပဏီက သိမ်းယူခဲ့သဖြင့် တောင်သူ ၁၄၈ ဦးက ဧက ၁ဝဝဝ ကျော်အတွက် တရားစွဲဆိုမှုကို လိုက်လံကူညီနေသူ ဖြစ်သည်။
ပြည်နယ်အစိုးရတွင် ကြံ့ခိုင်ရေးကသာ ဦးဆောင်နေသဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်ရေးကို လူထုက သံသယ ရှိနေသည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
ဦးဟန်ရွှေက “အစိုးရတော့ စက်မှုလယ်ယာဖြစ်အောင် ကန်ထရိုက် လယ်ယာစနစ် လုပ်ပေမယ့် တကယ့် လက်တွေ့ ဖြစ်မလာဘူး။ လယ်တွေယူပြီး ဆူလွယ်နပ်လွယ် ငါးမွေးလိုက်၊ ပုဇွန်ကန်တူး လိုက်တာတွေ တွေ့နေရတယ်။ နည်းလမ်းမှန် ဖြစ်ဖို့က လယ်သမား မနစ်နာအောင် အတင်းအနိုင်ကျင့်ယူတာမျိုး မဟုတ်ဘဲ နှစ်ဖက် အကျိုးရှိတဲ့ စီမံကိန်းမျိုးနဲ့ လယ်ယာထွက်ကုန် ကောင်းအောင်လုပ်ဖို့ သက်ဆိုင်တဲ့ ပြည်နယ် ဝန်ကြီးဌာနက ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရသစ်အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးမှာလည်း ပြည်နယ် အစိုးရ ခေါင်းကိုက်စေမည့် ကိစ္စအဖြစ် အဆိုပါ ၃ ပါတီ တာဝန်ရှိသူများက ပြောဆိုကြသည်။
ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၉ ခုတွင် တစညမှဦးကမန်းဒူနော် သည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စကဒမှ ဦးအလေးပါးမှာ စည်ပင်သာယာရေးဝန်ကြီး ဖြစ်ကာ၊ ကျန် ရ ဦးမှာ ကြံ့ခိုင်ရေးပါတီမှ ဖြစ်သည်။ ပြည်နယ်လွှတ်တော် အမတ်နေရာ ၅၁ ခုတွင်မူ တပ်မတော်သား ကိုယ်စားလှယ် ၁၃ ဦး၊ တစညမှ ၁ဝ ဦးနှင့် စဒကမှ ၃ ဦး ပါဝင်သည်။