စစ်တွေမှ ဂီတသမား တစ်ဦး ဘင်္ဂလာဒေချ့် သင်္ကြန်တွင် ဖြေဖျော်နေစဉ် ရုတ်ကရက် သေဆုံး

စစ်တွေမှ ဂီတသမား တစ်ဦး ဘင်္ဂလာဒေချ့် သင်္ကြန်တွင် ဖြေဖျော်နေစဉ် ရုတ်ကရက် သေဆုံး
by -
နိရဥ္စရာ သတင်းဌာန

ဘင်္ဂလာဒေချ့် ရခိုင် သင်္ကြန်တွင် လာရောက် ဖြေဖျော်နေသော စစ်တွေမှ ၀ါရင့်ဂီတသမား တစ်ဦးသည် သင်္ကြန်ပွဲ စတိတ်ရှိုး တစ်ခု၌ ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကိုအောင်ကျော်ဇံဖြစ်ပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ ဖြစ်သည်။ ကော့ဘဇားခရိုင် အာဇီနော်ကော် ကျေးရွာ သင်္ကြန်ပွဲ စတိတ်ရှိုးတွင် ဖြေဖျော်နေစဉ် ဧပြီလ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

သူသေဆုံးသွားပုံကို သူနှင့် အတူ သင်္ကြန်ပွဲတွင် ဖြေဖျော်ရန် ရောက်ရှိနေသူ ကိုမြတ်ခိုင်ကျာ်က ယခုကဲ့သို့ ပြောသည်။

“ ကျနော်သီချင်းဆိုပီး စင်ပေါ်က အဆင်း သိပ်မကြာခင်ဘဲ သူက ကီးဘုတ်စ် တီးနေရာကနေ လက်ကိုထောင် ပြီး ထိုင်ကျသွားတယ်။ သူရဲ့ အနီးမှာ ဒရမ်းတီးနေတဲ့ ကိုကျော်သန်းက ချက်ချင်း တီးနေတာကို ရပ်ပြီး သူ့ဆီလိုက်သွားတယ်။ ကျနော်လည်း စင်ပေါ်ကို ပြေးတက်ပီး သူ့ကို ကြည့်လိုက်တော့ ၂ မိလောက်ဘဲ ကြာတယ်။ သူအသက်ထွက်သွားပါတယ်” ဟု ပြောသည်။

ကိုအောင်ကျော်ဇံမှာ စစ်တွေမြို့မှ နာမည်ကြီး ၀ါရင့် ဂီတသမား တစ်ဦး ဖြစ်ပြီး ရခိုင်ပြည်နယ်မှ နာမည်ကြီး အဆိုတော်များ ဖြစ်ကြသော ကိုမြတ်ခိုင်ကျော်၊ ကိုလှသိန်း၊ ကိုမျိုးရခိုင်နှင့် မယုယုလိုင်တို့နှင့် ဘင်္ဂလာဒေချ့် ရခိုင်သင်္ကြန်ပွဲတော်တွင် လာရောက်ဖြေဖျော်စဉ် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြံုတွေ့သွားခဲ့ရခြင်း ဖြစ်သည်။

“ စစ်တွေဂီတလောကမှာဆိုရင် သူက ၀ါရင့်ဂီတ သမား တစ်ဦး ဖြစ်ပါတယ်။ ကျနော် ဂီတာ မတီးခင်က တည်းက သူက စန္ဒယားတီးနေပါပြီ။ သူဟာ ဂီတ အရာမှာ တော်တော်ကျွမ်းတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ အခု သူသေသွားတာ ကျွန်တော်ဦးခေါင်းကို ဖနှောင့်နဲ့ လာဆောင့်သလို ခံစားရပါတယ်။ ကျွန်တော် ဦး ဆောင်ပီး ခေါ်လာတဲ့ ပွဲစဉ် တစ်ခုမှာ ခုလို ဂီတသမား တစ်ဦးဆုံးသွားတာဟာ ကျနော်အတွက် တကယ့်ကို ထိခိုက်ခံစားရပါတယ်” ဟု ကိုမြတ်ခိုင်ကျော်က ပြောသည်။

ကိုအောင်ကျော်ဇံသည် လွန်ခဲ့သော တစ်ပေါင်းလက ဘင်္ဂလာဒေချ့် အဝကျွန်း ဘုရားပွဲတော်တွင် လာရောက် တီးခတ်ခဲ့ပြီးနောက် သူ၏ ကျွမ်းကျင်သော ဂီတ တီးခတ်မူနှင့် ရင်းနှီးဖေါ်ရွှေမူကြောင့် နောက်တကြိမ် ဖလောင်းချိတ် သင်္ကြန်တွင် တီးခတ်ရန် ဖိတ်ကြားခံခဲ့ရသည်။

ကိုအောင်ကျော်ဇံတွင် ဆီးချိုရောဂါ အခံရှိပြီး အချိုဓါတ်ကို ရှောင်ကြဉ်ရာမှ အချိုဓါတ်ကုန်ခန်း၍ သေဆုံး သွားပုံရသည်ဟု ဆရာဝန်က ပြောကြောင်း သိရသည်။ ဆီးချိုကြောင့် အရက်လည်း သောက်သုံးမူ မရှိကြောင်း ပြောသည်။ သေဆုံးပြီးနောက် သူ့အလောင်းအား သက်ဆိုင်ရာ ဘင်္ဂလာ အာဏာပိုင်များက ဆေးစစ်ဆေးခဲ့ပြီး ယနေ့တွင် ဖလောင်းချိတ်တွင် အသုဘချ သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

ကိုအောင်ကျော်ဇံတွင် အသက် ၈၀ ကျော် မိခင် တစ်ဦး၊ ဇနီးနှင့် လူမမယ် သားနှစ်ဦး ကျန်ရှိခဲ့ကာ ဆင်းရဲ နွမ်းပါးကြောင်း သိရသည်။

ယခုအခါ ကျန်ရစ်ခဲ့သော သူ့မိသားစု အတွက် ထောက်ပံံံ့ ကူညီရန် ဘင်္ဂလာဒေချ့်တွင် ရောက်ရှိနေသော ရခိုင်အမျိုးသားများက ငွေကြေးများ ကောက်ခံပြီး ရံပုံငွေ စုဆောင်းနေကြောင်း ကိုစိုးလင်းက ယခုကဲ့သို့ ပြောသည်။

“ သူဆုံးသွားတဲ့ နောက်ပိုင်းမှာ သူ့ကို မှီခိုနေတဲ့ မိသားစု တစ်ခုလုံးက အများကြီး အခက်အခဲတွေ့ ရနိုင်ပါတယ်။ ဒါကြောင့် သူမိသားစု အတွက် ကျနော်တို့ အခု ငွေတွေ ကောက်ခံနေပါတယ်။ ကိုမြတ်ခိုင်ကျော်တို့ ပြန်တဲ့ အခါ တပါတည်း ငွေတွေပို့ပေးနိုင်အောင် အခုက စပြီး စီစဉ်နေပါတယ်” ဟု ပြောသည်။

ရခိုင်မှ လာရောက်ပြီး သင်္ကြန်ပွဲတော်တွင် ဖြေဖျော်နေစဉ် ကိုအောင်ကျော်ဇံ ရုတ်တရက် သေဆုံးသွားသော သတင်းကြောင့် ဘင်္ဂလာဒေချ့်နိုင်ငံ အတွင်းရှိ ရခိိုင် လူမျိုးများ အနေဖြင့် အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

ကိုအောင်ကျော်ဇံကွယ်လွန်သွားသော်လည်း ကျန်ရှိနေသော ထောင်သောင်းရွာ၊ ဖလောင်းချိတ် သင်္ကြန်ပွဲတော် စိတ်ရှိုးများကို ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week