ဘင်္ဂလာဒေချ့် ကျေးရွာတစ်ခုမှ သက်ကြီးပူဇော်ပွဲ အထူးစည်ကား

ဘင်္ဂလာဒေချ့် ကျေးရွာတစ်ခုမှ သက်ကြီးပူဇော်ပွဲ အထူးစည်ကား
by -
ထွန်းထွန်း

ရခိုင်တော်လှန်ရေး အင်အားစုများနှင့် ကျောင်းသားများ အဓိက နေထိုင်ခဲ့ရာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘဇားခရိုင် င/ရ ကြီးကျေးရွာတွင် ဧပြီလ ၁၆ ရက်နေ့က ပြုလုပ် ခဲ့သော ၁၂ ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲမှာ အထူးစည်ကားခဲ့သည်ဟု သိရသည်။

Nga-yet-gyiသက်ကြီး ပူဇော်ပွဲကို ဦးဆောင် ကျင်းပသူ ကျောင်းထိုင်ဆရာတော် ဦးမေဒသာရက “တခြား နှစ်တွေထက် အလွန်တရာ စည်ကားတယ် လို့ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် သက်ကြီး ပူဇော်ပွဲကို ဒေသခံ သက်အမျိုးသားတွေ ပူးပေါင်း ပါ၀င်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ အရင်နှစ်တွေကတော့ ခုလို သက်လူမျိုးတွေ ပူးပေါင်း ပါ၀င်တာ မတွေ့ခဲ့ရပါဘူး။ ဒီနှစ်မှာတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ သက်အမျိုးသားတွေ ရာနဲ့ချီပြီး ပူးပေါင်း ပါ၀င်လာတာကို တွေ့ရပါတယ်“ ဟုဆိုသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ စစ်တကောင်တောင်တန်းနယ် တောင်ပိုင်းတွင် ရခိုင်ပြည်တွင်နေထိုင်ကြသော သက်အမျိုးသားများနှင့် မျိုးနွယ်တူ သက်လူမျိုးများ နေထိုင်ကြပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။

အဆိုပါ သက်လူမျိုးများများမှာ ရခိုင်လူမျိုးများနှင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေထိုင်ကြပြီး တရွာနှင့် တရွာသို့ သွားရောက်ပြီး ဘုရား ရေသပ္ပါယ်ခြင်း၊ ဆရာကန်တော့ခြင်းများကို သင်္ကြန်အတွင်း နှစ်စဉ် ပြုလုပ်ကြသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းသည့် အချိန်ကာလတွင် မိမိထက် အသက်ကြီးသူများအား ပူဇော်ရခြင်းသည် ကောင်းမြတ်သော အစဉ်အလာ တရပ် ဖြစ်သဖြင့် သက်လူမျိုးများ အနေဖြင့် ၁၂ ကြိမ်မြှောက် င/ရကြီး သက်ကြီး ပူဇော်ပွဲတွင် ပါ၀င်လာခဲ့ခြင်း ဖြစ်ကြောင်း သက်အမျိုးသား တစ်ဦးက ပြောသည်။

သက်ကြီး ပူဇော်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အခမ်းအနား ဖြစ်မြောက်ရေး အလုပ်အမှုဆောင် လူငယ်တဦးဖြစ်သူ ကိုမောင်မောင်ချေက ယခုကဲ့သို့ပြောသည်။

“သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်းအဓိကရည်ရွယ်ချက်က ကိုယ့်ထက်ကြီးတဲ့ရပ်ရွာက အသက်ခြောက် ဆယ်အထက်တွေကို ပူဇော်ရတာဟာအင်မတန် အကျိုးရှိတယ်။ ရိုးရာယဉ်ကျေးမှု အရ အစဉ်အလာမ ပျက် ထိန်းသိမ်း စောင့်ရှောက်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ပီးရင် ဘင်္ဂလာရှိတဲ့ ရခိုင်တွေဟာလည်း မိမိတို့ရိုးရာ ယဉ်ကျေး မှုကို ခုချိန်ထိစောင့်ရှောက်ထားတယ်ဆိုတာကို အများကို သိစေလိုတဲ့ ဆန္ဒ ရည်ရွယ်ချက်တွေလည်း ပါ၀င်ပါတယ်” ဟု သူက ပြောသည်။

၎င်းပြင်သူက “ ဒီသက်ကြီး ပူဇော်ပွဲရဲ့ အကျိုးရလာဒ်က အနီးနားရှိ ရွာသူရွာသားတွေ အနေနဲ့ ညီညွတ်မှု၊ စည်းလုံးမှု၊ ခင်မင် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မူ တို့ ရလာတယ်။ သက်ကြီးပူဇော်ပွဲကို လုပ်ရခြင်းအားဖြင့် စိတ်ရွှင်လန်းမှု၊ ပီးရင် အရင်ကထက် ပိုပြီး ဘာသာ သာသနာကို စိတ်ဝင်စား လာတယ်။ ခုဆိုအနီးနားရှိ ရွာတိုင်းလိုလိုပူဇော်ပွဲကို လုပ်လာကြ ပါတယ်“ ဟုဆက်ပြောသည်။

ယခုနှစ် သက်ကြီး ပူဇော်ပွဲတော်သို့ ပင့်ဖိတ်ထားသော အနီးအနား ကျေးရွာများမှ ဆရာတော်များ၊ သက်ကြီး ရွယ်အိုများ အပါအဝင် လူပေါင်း ၅၀၀ ကျော်ခန့်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အသက်အရွယ်ကြီးရင့်သူ သက်ကြီး ၃၀ ခန့်အား အမွှေးနံသာများဖြင့် ရေချိုးခြင်း၊ ရှိခိုး ပူဇော် ခြင်း၊ လက်ဆောင် ပစ္စည်းများနှင့် ကန်တော့ခြင်း များကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အခမ်းအနားဖြစ်မြောက်ရေး အတွက် နယ်သာလန်နိုင်ငံမှ ဦးချစ်မောင် မိသားစု၊ ဦးချိုဇံ မိသားစု၊ ဦးနန္ဒာမိသားစုနှင့် ကော့စ်ဘဇားမှလက်ရှိ ရခိုင်အမျိုးသမီး အမတ် ဒေါ်အေးသိန်းတို့မှ ငွေကြေး လှူဒါန်း ကူညီခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် တခြားဒေသများ၌ သက်ကြီးပူဇော်ပွဲကျင်းပခြင်းများကို မတွေ့ရှိခဲ့သော်လည်း င/ရကြီးကျေးရွာတွင် တော်လှန်ရေးသမားများမှ လမ်းညွန်ပြခဲ့သည့် အတွက် အဆိုပါ ပွဲတော်ကို နှစ်စဉ်နှစ် တိုင်းလိုလို ကျင်းပကြောင်း သိရသည်။

Most read this week