မြန်မာ အာဏာပိုင်များမှ ဘင်္ဂလာဒေချ့် အပိုင် အုန်းကျွန်း သမိုင်းကို အချက်အလက် ပြုစု

မြန်မာ အာဏာပိုင်များမှ ဘင်္ဂလာဒေချ့် အပိုင် အုန်းကျွန်း သမိုင်းကို အချက်အလက် ပြုစု
by -
နိရဥ္စရာ သတင်းဌာန

မြန်မာ အာဏာပိုင်များမှ ဘင်္ဂလာဒေချ့် အပိုင် အုန်းကျွန်းခေါ် S.T Martin ကျွန်း သမိုင်းဆိုင်ရာ အချက်အလက်များကို ရှေးရခိုင် လူကြီးများကို မေးမြန်းကာ မှတ်တမ်းတင်နေကြောင်း သတင်း ရရှိသည်။

ST-martin
ယခုကဲ့သို့ မှတ်တမ်း တင်နေခြင်းကို မောင်တောမှ လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ အစိုးရ အဖွဲ့ တစ်ဖွဲ့က ရခိုင် ရှေးလူကြီးတွေကို အုန်းကျွန်း သမိုင်းကို မေးပါတယ်။ ဒီကျွန်းဟာ ယခင်က ဘယ်သူ ပိုင်တဲ့ ကျွန်းလဲ။ ပီးရင် ဘယ်နှစ်ခုနှစ်က ဘင်္ဂလာဒေချ့် ပါသွားလဲ။ ရှေးရခိုင် လူကြီးတွေက အရင်က ကျွန်းပေါ်ကို ရောက်ဖူးလား စတာတွေကို မေးပါတယ်။ ကျွန်တော်တို့ ကလည်း ဒီကျွန်းဟာ သမိုင်းအရ ပြောရရင် ရခိုင်ဘုရင်တွေ အဆက်ဆက်ပိုင်ခဲ့တဲ့ ကျွန်းဆိုတာကို ပြောပြပါတယ်” ဟု ပြောသည်။

အဆိုပါ အဖွဲ့သည် မောင်တောမြို့ပေါ်၌သာမက မောင်တော တောင်ပိုင်း အလယ်သံကျော်၊ အင်းဒင်စသည့် ကျေးရွာများသို့ သွားရောက်ပြီး အသက်အရွယ်ကြီးရင့်နေသော ရခိုင်လူကြီးများကို အုန်းကျွန်းအကြောင်း မေးမြန်းခဲ့သည်ဟု သိရသည်။

တခြား လူငယ် တစ်ဦးကလည်း “ မနေ့က ငါးလုပ်ငန်း ဦးစီးဌာနကလို့ ပြောပါတယ်။ အုန်းကျွန်း သမိုင်းကို မေးမြန်းဖို့ အလယ်သံကျော်ကို ရောက်လာပါတယ်။ လူကြီး တစ်ချို့ကိုတော့ မေးမြန်း သွားပါတယ်။ ဘာကြောင့် အုန်းကျွန်းအကြောင်း မေးမြန်းတယ်ဆိုတာ မသိရပါဘူး” ဟု သူကပြောသည်။

အုန်းကျွန်းကို မှတ်တမ်းတင် ပြုစုနေခြင်းမှာ ယခု ဘင်္ဂလာဒေချ်နှင့် မြန်မာ အကြား ဖြစ်ပေါ်နေသော ရေပြင် ပိုင်နက် အငြင်းပွားမူနှင့် သက်ဆိုင်နိုင်သည်ဟု သုံးသပ်သူ တစ်ချို့က ပြောသည်။ ယခု ဘင်္ဂလာဒေချ့်နှင့် မြန်မာ အကြား အငြင်းပွားရေပြင်ပိုင်နက်မှာ မြန်မာ အခေါ် အုန်းကျွန်း၊ ဘင်္ဂလာဒေချ့် အခေါ် ST Martin ကျွန်းအနီးတွင် ဖြစ်သည်။

Most read this week