၀ရာဇ်မြေ မဏ္ဍပ် သင်္ကြန်အကျနေ့ ရေရောင်းရငွေ ၅ သိန်းကျော်ဖြင့် စံချိန်တင်

၀ရာဇ်မြေ မဏ္ဍပ် သင်္ကြန်အကျနေ့ ရေရောင်းရငွေ ၅ သိန်းကျော်ဖြင့် စံချိန်တင်
by -
နိရဥ္စရာ သတင်းဌာန

ရန်ကုန် သိမ်ဖြူကွင်း ပြုလုပ် ကျင်းပနေသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်၌ ပုဏ္ဍားကျွန်းမြို့နယ် ကိုယ်စားပြု “ ၀ရဇ်မြေ” မဏ္ဍပ်တွင် ဧပြီလ ၁၄ ရက် သင်္ကြန် အကျတစ်နေ့တည််း ရေရောင်းရငွေ ကျပ် ၅သိန်း တစ်သောင်း ဖြင့် စံချိန်တင်ခဲ့သည်ဟု အမူဆောင် လူကြီး တစ်ဦးက ပြောသည်။

Yangon-Thungran“ မနေ့ ဧပြီ ၁၄ ရက်နေ့ကတော့ အထူးကို စည်ကားခဲ့ပါတယ်။ ပထမနေ့မှာ ရေကစားတဲ့ သူတွေကို ရေရောင်းတာ တသိန်းကျော်ထိသာ ရရှိခဲ့ပေမယ့် ဒုတိယနေ့ မှာတော့ ကျွန်တော်တို့ မဏ္ဍပ်က ကျပ် ငါးသိန်း တစ်သောင်းထိ ရရှိခဲ့ပါတယ်။ လူတွေက အရမ်းလာကြတော့ တခြား မဏ္ဍပ်တွေလည်း ကျွန်တော်တို့လို ရရှိနိုင်ပါတယ်” ဟုသူက ပြောသည်။

ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်များတွင် အမျိုးသမီးများနှင့် ရေကစားလိုသူ အမျိုးသားများ အနေဖြင့် ရေတစ်ပုံးကို ကျပ် ၅၀၀ ဖြင့် ၀ယ်ယူရပြီး ထိုသို့ ရောင်းချရာမှ ၀ရာဇ်မြေ မဏ္ဍပ်မှ ကျပ် ငါးသိန်းကျော် ၀င်ငွေ ရရှိခဲ့ခြင်း ဖြစ်သည်။

“ ရေက တပုံးကို ၅၀၀၊ သုံးပုံးဆိုရင် ၁၀၀၀ အဲသလို ရောင််းတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ကျွန်တော်တို့ မှာ မဏ္ဍပ်အတွက် ၀န်ဆောင်မူတွေက အရမ်း ကုန်ကျများပါတယ်။ မဏ္ဍပ် ဆောက်ခငွေ၊ အမျိုးသမီးတွေ သင်္ကြန် အဆင်တွေရော အကုန်လုံး မြို့နယ် အသင်းက ကုန်ကျရပါတယ်။ လှေမှာ ဖြည့်ရတဲ့ ရေဆိုလည်း အလာကားရတာ မဟုတ်တော့ ရေကိုလည်း ရောင်းရတဲ့ အနေအထားပါ” ဟု သူက ပြောသည်။

ဒုတိယနေ့ သင်္ကြန်အကျနေ့တွင် လာရောက်သူ အထူးများပြားပြီး ရခိုင်တေးသံရှင်များလည်း လာရောက် ဖြေဖျော်ခဲ့ကြသည်ဟု သိရသည်။ အစားအစာရောင်းချသော စျေးဆိုင်များမှာလည်း လက်မလည်အောင် ရောင်းချခဲ့ရသည်ဟု သိရသည်။

သင်္ကြန်ရေလောင်းပွဲ ကျင်းပနေစဉ် ပြဿနာ တစ်ချို့ ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ လူကြီးများက အချိန်မှီ ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

“ ပြဿနာက ရခိုင်သင်္ကြန်ပွဲတော် ကျင်းပနေတဲ့ သိမ်ဖြူကွင်း အနီးမှာရှိတဲ့ ဟော်ကီကွင်းက လူတွေက ရခိုင် လူငယ် နှစ်ဦးကို ၀ိုင်းရိုက်ရာကနေ ပြဿနာ စတက်ခဲ့တာပါ။ ရခိုင်ကောင်လေးနှစ်ဦးက အဲဒီကွင်း အနားက ချံုပုတ်ဘေးမှာ အပေ့ါသွားတာကို ဟော်ကီကွင်းက လူငယ်တွေ ၀ိုင်းရိုက်တော့ ဒီကလူတွေ ၀ုိင်းအုံ လိုက်သွား တော့ ပြဿနာ ဖြစ်ပွားပါတယ်။ ဒီက လူတွေက ၀ိုင်းရိုက်တဲ့ လူတွေကို ထုတ်ပေးဆိုတော့ ဟော်ကီကွင်း အုပ်ချုပ်ရေးမှူးက ထုတ်မပေးနိုင်ဘူး။ သက်ဆိုင်ရာ လူကြီးတွေနဲ့ ဖြေရှင်းမယ်ဆိုပြီး ပြောတော့ နောက် လူကြီး အချင်းချင်း ဖြေရှင်းတော့ ပြေလည် သွားခဲ့ပါတယ်” ဟု ပြောသည်။

သင်္ကြန် ပထမနေ့နှင့် ဒုတိယ နေ့တွင် တခြားပြဿနာများ မရှိဘဲ အေးဆေးစွာ ပြီးဆုံးခဲ့ကြောင်းနှင့် တတိယနေ့ (သင်္ကြန် အကြတ်နေ့) တွင်လည်း အထူး စည်ကားနိုင်သည်ဟု ရခိုင်သင်္ကြန်ပွဲတော် ကျင်းပသူများက ပြောသည်။

Most read this week