ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)

ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)
by -
မျိုးသိဏ်း

နယူးဒေလီ (မဇ္စျိမ) ။  ။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသော တပ်ပေါင်းစုတခုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင် မောင် မြန်မာနိုင်ငံသို့ ၂ဝဝ၈ ခုနှစ်က သုံးကြိမ် သွားရောက်ခဲ့ကြောင်း သတင်းအချက်အလက် များ မတ်လဆန်းမှ စ၍ထွက်ပေါ်လာ ခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးမောင်မောင် မြန်မာနိုင်ငံသို့ သွားခဲ့ကြောင်း ထိုင်းလေကြောင်းလိုင်း (Thai Airway) ခရီးစဉ်ပျံသန်းမှု မှတ်တမ်းတခုကို တင်ပြ၍ စွပ်စွဲခဲ့သူမှာ FTUB ၏ ဘဏ္ဍာရေးမှူးဟောင်းဖြစ်သူ ဦးဇော်ထွန်း ဖြစ်သည်။

NCUB က စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းထားပြီး  စုံစမ်းမှုများ ပြုလုပ်ဆဲဖြစ်သည်။ ဦးမောင်မောင်နှင့် သူ၏ မိခင် အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကတော့ မြန်မာပြည် ပြန်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ယတိပြတ် ငြင်းဆိုထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သတ်၍ မဇ္စျိမ သတင်းထောက် မျိုးသိဏ်းက ဦးမောင်မောင်အား ဆက်သွယ် မေးမြန်းခဲ့ပါသည်။

ဦးမောင်မောင် (အထွေထွေ အတွင်းရေးမှူး)
(မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် - FTUB)

အခုဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ်လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး အန်ကယ်ပြောချင်တာလေးတွေ ပြောပြပေးပါဦး။

’’အဓိကအားဖြင့်တော့ ကျနော့်ကို ဗမာပြည် ပြန်တယ်ဆိုပြီး ပြောတဲ့ကိစ္စက ကျနော် ဗမာပြည် လုံးဝ မပြန်ဘူးဆိုတာ အများပြည်သူကော၊ တော်လှန်ရေးထဲက တပ်ပေါင်းစု အဖွဲ့တွေကော သိအောင်ပြောဖို့ ကျနော့်မှာ တာဝန်ရှိလို့ မီဒီယာနဲ့ တွေ့တဲ့ပွဲ လုပ်ဖြစ်ခဲ့တာပါ’’

အန်ကယ်ဖြေရှင်းချက်ထဲမှာ မလိုမုန်းထားတဲ့သူ တချို့ကြောင့်လို့ ပြောသွားတာလေး ရှိပါတယ်။ အန်ကယ်နဲ့ ဦးဇော်ထွန်းကြားမှာ ပြဿနာ တစုံတရာများ ရှိခဲ့ဖူးသလား ခင်ဗျ။

’’ဒီလိုပါ။ ကိုဇော်ထွန်းက ၉၂ ခုနှစ်လောက်ကတည်းက FTUB မှာ လူငယ်တဦး ဖြစ်ခဲ့တယ်လေ။ ပထမဦးဆုံး သင်္ဘောသား သမဂ္ဂဖွဲ့ပြီးတော့ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားသမဂ္ဂ အဖွဲ့ချုပ် အဖွဲ့ဝင်လည်း ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လူငယ်တဦးပါ။ အဲလိုဖြစ်အောင်လည်း ကျနော်ပဲ Train လုပ်ခဲ့တာပါ။  နောက်တခါ သြစတြေးလျနိုင်ငံမှာ ပညာတော်သင် သွားဖို့ကိစ္စလည်း သြစတြေးလျ သံရုံးကို ပြောဆိုပေးခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ ပေါ့လျော့မှုတွေ ဖြစ်လာတဲ့အခါမှာ သတိပေးရတဲ့ ကိစ္စတွေ ရှိတယ်။ လုပ်ငန်းခွင်နဲ့ ပတ်သက်ရင် အများနဲ့ အဆင်ပြေအောင်နေဖို့ သတိပေးခဲ့ရတဲ့ ကိစ္စလေးတွေမှာ အဆင်မပြေမှုလေးတွေ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအရ တခုမှ မပါပါဘူး’’

’’အထူးသဖြင့် ကျနော်မွေးခဲ့တဲ့ လူဖြစ်ပေမယ့် နောက်ပိုင်း ပုဂ္ဂိုလ်ရေး အားနည်းလာတဲ့အချိန်မှာ အဖွဲ့အစည်းအနေနဲ့ အစည်းအဝေးအရ အရေးယူတဲ့ ကိစ္စတွေကို ခံစားချက်တွေ ရှိတယ်ပေါ့ဗျာ။  အဖွဲ့အစည်းက ကြီးလာပြီ၊ လူနည်းစုမဟုတ်တော့ဘူး၊ အထူးသဖြင့် ညီလာခံရှိလာတဲ့အချိန်မှာ ညီလာခံထဲကအတိုင်း ကျင့်ကြံရမယ်လို့ ပြောဆိုတဲ့အချိန်မှာ အဆင်မပြေမှုတွေ ရှိလာပါတယ်’’

’’ဆိုတော့ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှမရှိပါဘူး။ လုပ်ငန်းအရ လုပ်ငန်းအပေါ်မှာ ပတ်သက်ပြီး အများကို မထိခိုက်အောင် အရေးယူခဲ့ရတဲ့ ကိစ္စတွေ ရှိပါတယ်’’

စုံစမ်းစစ်ဆေးရေး ကော်မရှင်က အန်ကယ့်ကို ဘာတွေ စစ်ဆေးမှုတွေ လုပ်ပြီးပြီလဲ။

’’ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက မတ်လ ၁၉-၂ဝ မှာလုပ်တဲ့ အစည်းအဝေးမှာ ဖွဲ့ပေးခဲ့တာက စုံစမ်းရေး ကော်မရှင်ပဲ ဖြစ်ပါတယ်။ စစ်ဆေး ဆိုတဲ့ စကားလုံး မပါပါဘူး။ နောက်ထပ်တခုက ဆွေးနွေးတဲ့နေရာမှာ ကျနော်က နိုင်ငံရေးအရ တာဝန်ရှိတဲ့ ရာထူး၊ တပ်ပေါင်းစု တခုလုံးရဲ့ အဓိကကျတဲ့ နေရာကို ယူထားတာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဒါကို လက်လွတ်စပယ်လုပ်လို့ မရသလို သူများရေးတဲ့ အပေါ်မှာလည်း အရမ်းကြီး အာရုံစိုက်လို့ မရဘူး။ ဒါပေမဲ့ နိုင်ငံရေး တပ်ပေါင်းစုနဲ့ တပ်ပေါင်းစုမှာ အဓိက တာဝန်ယူနေတဲ့ ကျနော့်ကို ဝိုင်းဝန်းကာကွယ်တဲ့အနေနဲ့ ကျနော့်ကို စုံစမ်းပြီးတော့ ဒါကို သဘာပတိအဖွဲ့ကို ပြန်တင်ပြဖို့ ဖွဲ့စည်းပေးထားတာပဲ ဖြစ်ပါတယ်’’

အန်ကယ့် ခရီးသွားလက်မှတ်ကို ကော်မရှင်က စီစစ်ဖို့ တောင်းခံထားတာတွေ ရှိပြီလား ခင်ဗျ။

’’ရှိပါတယ်။ ဒါကတော့ အဓိက တရပ်ပါပဲ။ ကျနော် ဗမာပြည် ခရီးသွားခြင်း၊ မသွားခြင်းဆိုတဲ့ ကိစ္စကို ကျနော့်ကို လာမေးတာပါပဲ။ ဒီခရီးသွားတယ်ဆိုတဲ့ လက်မှတ်က မောင်မောင်ဆိုတဲ့ နာမည်နဲ့ ရေးထားတာ မှန်ပေမယ့် ထိုင်းအဲဝေးကို သွားစစ်ဆေးတဲ့အခါမှာ သူတို့ရဲ့ အဖွဲ့ဝင် မောင်မောင်ပေါင်း ၂၁ ယောက် ရှိတယ်၊ သူတို့ဘက်က မှားနိုင်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ကျနော်က ကျနော့်မွေးသက္ကရာဇ်နဲ့ တိုက်ပေးပါဆိုတော့ ၃ နှစ်ကျော်တောင် ရှိနေပြီဆိုတဲ့အတွက် ချက်ချင်း ထုတ်ပေးခွင့် မရှိဘူး၊ စာနဲ့ရေး အကြောင်းကြားပါလို့ ပြန်ပြောတော့ ကျနော်က စာရေး အကြောင်းကြားရတယ်။ ဒါကိုလည်း ကျနော် စုံစမ်းရေး ကော်မရှင်ကို တင်ပြထားတာ ရှိပါတယ်’’

’’နောက် သူတို့ချိန်းတဲ့ ဧပြီလ ၁ ရက်နေ့မှာ ကျနော် ပြန်သွားတဲ့အချိန်မှာ အမေရိကန် အလုပ်သမားအဖွဲ့ချုပ် ဒါရိုက်တာလည်း သက်သေအနေနဲ့ ပါပါတယ်။ သူတို့ ပထမပြောသလိုပဲ ကျနော့် ခရီးသွားလက်မှတ်ကို တောင်းပြီး ခရီးသွားလက်မှတ်ထဲမှာ ရှိတဲ့ မွေးသက္ကရာဇ်နဲ့ အဲဒီထဲမှာ ရှိတဲ့ နံပါတ်တခုပေါ့ဗျာ၊ ကျနော့်ရဲ့ A နံပါတ်လို့ ခေါ်ပါတယ်။ ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ နံပါတ်ပါ။ အဲဒါတွေနဲ့ တိုက်စစ်တဲ့အခါမှာ ကျနော် ဗမာပြည်သွားထားတယ်ဆိုတဲ့ လက်မှတ်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူသွားတဲ့ လက်မှတ်၊ နောက်တခုက အိန္ဒိယနိုင်ငံကို သွားထားတဲ့ လက်မှတ် အဲဒါတွေက လွဲနေတယ်။ ဒီသက္ကရာဇ်ချင်း မတူဘူးဆိုတာကြောင့် ဒါတွေအားလုံးကို ပြင်ပြီးတော့ ကျနော့်ကို ပေးပါတယ်’’

ဒီတော့ အန်ကယ် ဗမာပြည်ကို ၃ ခေါက်မသွားပါဘူးလို့ သက်သေပြနိုင်တဲ့ သဘောရောက်ပြီလား ခင်ဗျ။

’’ဒါတင်မကပါဘူး။ ဒီနိုင်ငံမှာ ပြည်ဝင်ပြည်ထွက်ကို ကြီးကြပ်တာက လဝက ဖြစ်ပါတယ်။ လဝက ကိုလည်း သွားပြီး အကူအညီတောင်းတဲ့အခါမှာ အဲဒီရက်တွေမှာ ကျနော့်မွေးသက္ကရာဇ်နဲ့ ကျနော်ကိုင်တဲ့ စာအုပ်နံပါတ်နဲ့ ဗမာပြည်ကိုသော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကိုသော်လည်းကော

င်း အဝင်အထွက် လုပ်တာ မရှိပါဘူးလို့ အာမခံပေးပါတယ်’’

’’နောက်တချက်က ဘာလဲဆိုတော့ နိုင်ငံရေးအရ ကျနော်လုပ်တဲ့ အလုပ်တွေရှိပါတယ်။ ဥပမာ ၂ဝဝ၈ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျနော်ရန်ကုန်က လာတယ်ဆိုတဲ့အချိန်မှာ ကျနော်က ၂၅-၂၆-၂၇ မှာ SCM အစည်းအဝေး၊ မဟာဗျူဟာညှိနှိုင်းအစည်းအဝေးကို လူ ၃ဝ ကျော်နဲ့ ကျနော် လုပ်နေပါတယ်။ ဓာတ်ပုံကော၊ အစည်းအဝေး မှတ်တမ်းကော ရှိပါတယ်။ နောက် ၂၈ ရက်နေ့မှာ ကျနော်တို့ ကြေငြာချက်နဲ့ ထုတ်ပါတယ်။ အဲဒီအချိန်မှာ ကျနော်နဲ့ ဆလိုင်းလျန်မှုန်းနဲ့၊ မဥမ္မာ ထင်ပါတယ်။ ကျနော်တို့ ၃ ယောက်က တာဝန်ခံပြီး ဖြေရှင်းရတဲ့အတွက် ၂၈ ရက်နေ့လည်း SCM အစည်းအဝေးမှာ ကျနော် ရှိတယ်ဆိုတာ ပြနိုင်ပါတယ်။ နောက်တခုက ၉ ရက်နေ့မှာ ကွာလာလမ်ပူက ရန်ကုန်သွားတယ်လို့ ပြောထားပါတယ်။ အဲဒီနေ့မှာလည်း NCUB ရဲ့ အဖွဲ့ဝင်ပေါင်းစုံပါတဲ့ သဘာပတိအစည်းအဝေးပွဲ ကျင်းပနေချိန် ဖြစ်ပါတယ်။ အဲဒါလည်း အစည်းအဝေးမှတ်တမ်းတွေနဲ့ ကျနော့်ပြောဆို ဆွေးနွေးချက်တွေ ရှိပါတယ်’’

’’ကျနော်ပြောချင်တာက ကျနော် ရန်ကုန်သွားတယ်ဆိုတဲ့ ကိစ္စကို ထိုင်းလေကြောင်းလိုင်း ထွက်ဆိုချက် အရကကော၊ ထိုင်းလဝက ကကော၊ နိုင်ငံရေး မှတ်တမ်းတွေ အရကော ရှင်းရှင်းလင်းလင်း သိသာနေပါတယ်’’

မြန်မာ အစိုးရဘက်က တာဝန်ရှိသူတွေ အနေနဲ့ အန်ကယ့်ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက် တစုံတရာများ လက်ခံ ရခဲ့ဖူးပါသလား ခင်ဗျ။

’’မရှိပါဘူးခင်ဗျ။ ကျနော့်ကို ဘယ်သူကမှ စကားပြောဖို့ ကမ်းလှမ်းခဲ့တာ မရှိပါဘူး’’

အခု ကိစ္စတွေ ဖြစ်ပျက်သွားတော့ တပ်ပေါင်းစုအဖွဲ့တွေကို လူဝေဖန်စရာ ထောက်ပြစရာတွေ ဖြစ်သွားတဲ့အတွက် အန်ကယ် ဘယ်လိုခံစားရလဲ ခင်ဗျ။

’’ကျနော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တော်တော်ကြီးကို စိတ်ဆိုးပါတယ်။ ကျနော် တော်တော် ခံပြင်းပါတယ်။ ကျနော်က နအဖကို တပြားမှ မလျှော့ဘဲ တိုက်လာတာပါ။ အရင်တုန်းကလည်း တိုက်ခဲ့တယ်၊ အခုလည်း တိုက်နေတယ်။ ကျနော်တယောက်ထဲ ရှိတုန်းကလည်း တိုက်ခဲ့တယ်၊ FTUB အနေနဲ့လည်း အခုလည်း တိုက်နေတယ်၊ နောင်လည်း ဆက်တိုက်သွားမှာပဲ။ ၈၈ ခုနှစ်ကတည်းက ကြွေးကြော်ခဲ့တဲ့ ပါတီစုံအစိုးရ၊ ဖယ်ဒရယ်စနစ်ဆိုတာကို မရမချင်း တိုက်သွားမှာပါ။ ဒီ့အပြင် ကျနော်တို့ စုစည်းမှုနဲ့ လုပ်နေတဲ့အခါမှာ စုစည်းမှုကို အဟန့်အတား ဖြစ်အောင် လုပ်တဲ့လုပ်ရပ်က ရန်သူလုပ်ရပ်လို့ပဲ ကျနော်မြင်တယ်။ ဒါကြောင့်မို့ ကျနော် စိတ်ဆိုးတယ်။ ရန်သူကိုတော့ ကျနော်က ရန်သူလို ဆက်ဆံမှာပဲ။ ကျနော့်ကိုလည်း ရန်သူလို ဆက်ဆံသလို ကျနော်ကလည်း ရန်သူလို ဆက်ဆံမှာပဲ။ အထူးသဖြင့် ကျနော် တပ်ပေါင်းစုကိုယ်စား တာဝန်ခံလုပ်နေတဲ့အချိန်မှာ အမှားတွေမယ်၊ အမှားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရမယ်။ အဝေးကနေပြီး  ပုန်းလျှိုးကွယ်လျှိုး ပစ်တဲ့ ကိစ္စကို ကျနော် လုံးဝ လက်မခံပါဘူး။ အဲဒါတော့ ကျနော် ပြောချင်တယ်’’

ဒီဖြစ်ရပ်က ပြည်ပ ဒီမိုကရေစီ လှုပ်ရှားမှု အနေအထားကို ဘယ်လောက်တောင် ထိခိုက်သွားနိုင်မယ်လို့ အန်ကယ် ထင်ပါသလဲ။

’’ကျနော်ကတော့ စိတ်မကောင်းစရာပေါ့နော်။ ကျနော်တို့ ရှင်းပြနိုင်တဲ့ အနေအထား မရှိသေးခင်၊ အချက်အလက် ယူနေတဲ့အချိန်မှာ အားရဝမ်းသာ NCUB နဲ့ NCUB ရဲ့ လူကြီးတွေကို တိုက်ခိုက်ကြတယ်၊ NCUB က ကော်မရှင်ကိုလည်း တိုက်ခိုက်ကြတယ်။ ဒီပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အလကားနေရင်း တင်လာတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ရွေးကောက်ပွဲတွေ၊ ညီလာခံတွေ၊ ပေးဆပ်မှုတွေ အများကြီးကနေ ပေါ်လာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ အဲဒီပုဂ္ဂိုလ်တွေကို စော်ကားတာ ကျနော် လုံးဝ သီးမခံဘူး၊ စိတ်မကောင်းလည်း ဖြစ်တယ်၊ လုံးဝ ခံပြင်းတယ်ဆိုတဲ့ အကြောင်းကို အရင်ပြောချင်တယ်’’

’’ဘယ်လောက်သက်ရောက်မှု ရှိသလဲဆိုတော့ ကျနော်တို့ကို သက်ရောက်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ မဟုတ်တာမလုပ်ဘူး၊ အမျိုးသားကောင်စီအနေနဲ့လည်း မဟုတ်တာမလုပ်ဘူး။ နိုင်ငံရေးကို အစဉ်တစိုက် လုပ်နေတယ်။ နအဖ လမ်းပြမြေပုံနဲ့ ပါလီမန်အပေါ်မှာ ကျနော်တို့ သဘောထားပြတ်တယ်။ နိုင်ငံရေး လုပ်ငန်းအားဖြင့်တော့ သိပ်ထိခိုက်စရာ မရှိပါဘူး။ သို့သော် ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့အစည်းကို တိုက်ခိုက်တာမျိုးကတော့ ခွင့်လွှတ်ဖို့ တော်တော်ခဲယဉ်းမယ်လို့ ပြောချင်ပါတယ်’’

ဆက်စပ် အင်တာဗျူး
ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)